ကလေး၊ ဒီပဲယင်းနဲ့ ထီးချိုင့်မှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်
ပျဉ်းတော်ဦးရွာ၊ ညောင်ကုန်းရွာ၊ လက်ပံချောင်းရွာနဲ့ မင်းလှရွာတို့အပါအဝင် အနီးနားရွာတွေက ဒေသခံ တစ်သောင်းခွဲခန့် ကလေးမြို့ပေါ်နဲ့ နီးစပ်ရာဒေသတွေဆီ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
-
RFA Burmese
2023-04-02 -
-
-
စစ်ကိုင်းတိုင်း ကလေးမြို့နယ်၊ ဒီပဲယင်းမြို့နယ်နဲ့ ထီးချိုင့်မြို့နယ်တွေမှာ ဧပြီလ ၂ ရက် မနက်ပိုင်းမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဧပြီလ ၂ ရက်နေ့ မနက် ၈ နာရီဝန်းကျင်မှာ ကလေးမြို့နယ် ပျဉ်းတော်ဦးရွာအနီးကို တိုက်ခိုက်ရေး ရဟတ်ယာဉ်နှစ်စင်းနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"ပျဉ်းတော်ဦးရွာနဲ့ မင်းလှရွာကြားမှာ ရဟတ်ယာဉ်နဲ့ ပစ်တယ်။ စစ်ဘေးရှောင်က ထပ်တိုးတယ်ဗျ။ ဒီနေ့လည်း နှစ်ခေါက်သွားသယ်တယ်။ အများကြီးပဲ ဒီနေ့လည်း ဆိုင်ကယ်ရော၊ ကားရော ရရာယာဉ်နဲ့ ပြေးလာကြတာပေါ့နော်"
ကလေးမြို့ပေါ်ရှိ စစ်ကောင်စီ အမြောက်တပ်က လက်နက်ကြီးပစ်ကူပေးနေသလို တိုက်ခိုက်ရေး ရဟတ်ယာဉ် Mi-35 နှစ်စင်းကလည်း လေကြောင်းကနေ ပစ်ခတ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် ပျဉ်းတော်ဦးရွာ၊ ညောင်ကုန်းရွာ၊ လက်ပံချောင်းရွာနဲ့ မင်းလှရွာတို့ အပါအဝင် အနီးနားရွာတွေက ဒေသခံ တစ်သောင်းခွဲခန့်က ကလေးမြို့ပေါ်နဲ့ နီးစပ်ရာ ဒေသတွေဆီ ထွက်ပြေး တိမ်းရှောင်နေရပါတယ်။
အလားတူ ဒီပဲယင်းမြို့နယ်မှာလည်း ဧပြီလ ၂ ရက်မှာ စစ်ကောင်စီတပ်နဲ့ ဒေသ ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး မနက် ၁၀ နာရီဝန်းကျင်မှာ စစ်ကောင်စီက တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ ကြည်ရွာ၊ ဘုရားထွက်ရွာ၊ အေးသာယာရွာဝန်းကျင်မှာ လာရောက်ပစ်ခတ်ခဲ့ပါတယ်။
ဒီပဲယင်းမြို့နယ်ထဲက မီးရှို့ခံရတဲ့ ရွာသုံးရွာအပါအဝင် အနီးနားရွာတွေက စစ်ဘေး ဒုက္ခသည် လေးထောင်ခန့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါ တယ်။
ထီးချိုင့်မြို့နယ်မှာလည်း စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲ ဖြစ်ပွားပြီး ဧပြီလ ၂ ရက်နေ့ မနက်ပိုင်းမှာ ရွာတွေကို လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ် ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနက် ၁၀ နာရီဝန်းကျင်က ထီးချိုင့်မြို့နယ် ရတနာအောင်ရွာနဲ့ မယ်ဇလီရွာကြားက တောင်ကုန်း နဲ့ ညောင်ပင်သာရွာကို စစ်ကောင်စီက ဂျက်တိုက်လေယာဉ်တစ်စင်းနဲ့ လာရောက်ပစ်ခတ်သွားတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်ကိုင်းတိုင်းအတွင်း လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ ဦးအေးလှိုင်ကို တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမယ့် လက်ခံ ဖြေဆိုတာမရှိပါဘူး။
စစ်ကောင်စီလေတပ်ဟာ ကလေးမြို့နယ်နဲ့ ဒီပဲယင်းမြို့နယ်တွေကို မတ်လ ၃၁ ရက်ကလည်း လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပါတယ်။