ကလေးမြို့နယ်မှာ ဒရုန်းဗုံးကြောင့် ကိုးတန်းကျောင်းသားသုံးဦး ဒဏ်ရာရ

ကလေးမြို့နယ်တောင်ပိုင်း တင်သားရွာအနီးကို ဇွန် ၂၀ ရက် နေ့လယ်ပိုင်းက စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတာကြောင့် ကိုးတန်းကျောင်းသားသုံးဦး ဒဏ်ရာရခဲ့ပါတယ်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းရှိ တင်သားရွာအား တွေ့ရစဉ်။ Citizen Photo

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း တင်သားရွာအနီးကို ဇွန်လ ၂၀ ရက်နေ့ နေ့လယ်ပိုင်းက စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတာကြောင့် ကိုးတန်းကျောင်းသားသုံးဦး ဒဏ်ရာရခဲ့တယ်လို့ ကလေးဒေသခံတွေက ပြောပါတယ်။

ဒဏ်ရာရသူတွေဟာ အသက် ၁၄ နှစ်အရွယ် မောင်ကျော်ဇင်ထက်နဲ့ ၁၅ နှစ်အရွယ်တွေဖြစ်တဲ့ မောင်မြင့်နိုင်ထွေးနဲ့ မောင်မောင်ဖြိုးတို့ ဖြစ်တယ်လို့ ဆိုပါတယ်။

သုံးဦးစလုံးကို လိုအပ်တဲ့ဆေးကုသမှုတွေ ပေးနေပြီး အသက်အန္တရာယ် စိုးရိမ်စရာတော့ မရှိတော့ဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုသူ ကလေးမြို့နယ်မှာရှိတဲ့ လူသားစာနာအဖွဲ့ တာဝန်ခံတစ်ဦးက RFA ကို ပြောပါတယ်။

"ကလေးတွေ ကျောင်းသွားတဲ့လမ်းကို ပစ်တာ သုံးဦးစလုံး ခြေတွေ၊ လက်တွေနဲ့ ကျောတွေမှာ ထိထားတယ်။ ဗုံးအစထိမှန်တာပေါ့။ စစ်ကောင်စီက ကလေးတွေ စာသင်တဲ့နေရာတွေ ကလေးတွေကို ပစ်မှတ်ထားတာတော့ မလုပ်သင့်ဘူးလေ"

ဒရုန်းဗုံးသုံးလုံးကြဲချရာမှာ နှစ်လုံးထိမှန်ပေါက်ကွဲခဲ့တာဖြစ်ပြီး တင်သားရွာမှာလည်း လတ်တလော တိုက်ပွဲ ဖြစ်နေတာမရှိဘူးလို့ ဆိုပါတယ်။

အဲဒီဒရုန်းဗုံးကို တင်သားရွာနဲ့ နှစ်မိုင်အကျော်မှာရှိတဲ့ ကြံသာရွာမှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံမဖြေဆိုပါဘူး။

မေလ ၂၉ ရက်နေ့ကလည်း စစ်ကောင်စီတပ်ရဲ့ ဒရုန်းဗုံးပစ်ခတ်မှုကြောင့် တင်သားရွာခံလေးဦး နေရာမှာတင် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org