ကလေးမြို့မှာ မိသားစုလေးဦး ပစ်ခတ် သတ်ဖြတ်ခံရမှုအပေါ် အပြန်အလှန်စွပ်စွဲ
စစ်ကိုင်းတိုင်း ကလေးမြို့မှာ ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက်နေ့ညက မိသားစုလေးဦး ပစ်ခတ်သတ်ဖြတ်ခံခဲ့ရပါတယ်။ ပစ်ခတ်သတ်ဖြတ်တဲ့ လက်သည်တရားခံတွေဟာ NLD ပါတီထောက်ခံသူတွေနဲ့ အကြမ်းဖက်သမားတွေရဲ့လက်ချက်ဖြစ်တယ်လို့ စစ်ကောင်စီက စွပ်စွဲပြောဆိုထားပြီး အခင်းဖြစ်နေရာအနီးမှာရှိခဲ့တဲ့ မျက်မြင်တစ်ဦးနဲ့ ကလေးမြို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တာဝန်ရှိသူတစ်ဦးကတော့ ဒါဟာ စစ်ကောင်စီရဲ့လက်ချက်ဖြစ်တယ်လို့ တုံ့ပြန်ကြပါတယ်။
-
အေးအေးမွန် (အော်စလို)
2021-06-21 -
-
-
စစ်ကိုင်းတိုင်း ကလေးမြို့ ညောင်ပင်သာရပ်ကွက်မှာ ဇွန် ၁၉ ရက် ညက သေနတ်သမားတွေက အိမ်ထဲအထိ ဝင်ရောက်ပစ်ခတ်လို့ မိသားစုဝင် လေးဦး သေဆုံးသွားပါတယ်။
သေဆုံးသူတွေဟာ အသက် ၅၀ အရွယ် ဦးဝင်းဇော်ဦး၊ သူ့ရဲ့ဇနီးဖြစ်သူ အသက် ၄၈ နှစ်အရွယ် ဒေါ်စန်း စန်းမော်၊ သားဖြစ်သူ အသက် ၂၃ နှစ်အရွယ် ကိုသီဟအောင်၊ ယောက်ဖဖြစ်သူ အသက် ၃၅ နှစ်အရွယ် ကိုဇော်ဇော် တို့ ဖြစ်ပါတယ်။
အခင်းဖြစ်နေရာအနီးမှာရှိနေခဲ့တဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မျက်မြင်သက်သေတစ်ဦးက သေနတ် သမားတွေဟာ လမ်းကြို၊ လမ်းကြားတွေကနေတစ်ဆင့် ဝင်ရောက်လာပြီးနောက် အိမ်ထဲကိုဝင်ပြီး ပစ်ခတ် ခဲ့ကြတာလို့ ပြောပါတယ်။
"ရှစ်နာရီခွဲလောက်မှာဝင်တော့ ပထမ သေနတ်ပစ်တယ်။ ဒါပေမဲ့ ကျနော်တို့ ကြားနေကြ သေနတ်သံ အကျယ်ကြီး မဟုတ်ဘူး။ နည်းနည်းတိုးတယ်။ အသံတိုးတယ်။ အဲဒါကြောင့် တခြားရပ်ကွက်တွေက သိပ်မကြားလိုက်ရတာလေ။ အဲဒီမှာ တံခါးဖွင့်၊ တံခါးဖွင့်၊ ထွက်ခဲ့ ထွက်ခဲ့၊ မင်းတို့မပြေးနဲ့တဲ့၊ အပြင် ထွက်ခဲ့တဲ့။ အဲဒီအချိန်မှာ သေနတ်ပစ်လိုက်ပြီ။ ပစ်လိုက်တဲ့အချိန်မှာ ဘာဖြစ်လဲဆိုတော့ အခု ကိုဝင်း ဇော်ဦး နဲ့ သူသားနဲ့က လက်ဆွဲပြီး တော့မှ သူတို့အိမ်နဲ့ မျက်နှာချင်းဆိုင် အိမ်ကိုပြေးသွားတာ။ ချင်း အမျိုးသားအိမ်ကို ပြေးသွားတဲ့အချိန်မှာ သေနတ်နဲ့ပစ်တာ အဲဒီမှာ ပွဲချင်းပြီးသေတာ နှစ်ယောက်လုံး"
ကျန်နှစ်ဦးကလည်း နေအိမ်မှာပဲ သေဆုံးသွားတယ်လို့ သူက ပြောပါတယ်။
သေနတ်သမားတွေဟာ စစ်ကောင်စီရဲ့ ယူနီဖောင်းတွေနဲ့ စစ်ဖိနပ်တွေကို ဝတ်ဆင်ထားသလို လည်မှာလည်း အနီရောင် ပိတ်စကို ဝတ်ဆင်ထားကြတယ်လို့ ဆိုပါတယ်။ ညအချိန်ဖြစ်တာကြောင့် သေနတ်အမျိုးအစားနဲ့ ပတ်သက်လို့ သဲသဲကွဲကွဲ မမြင်လိုက်ရဘူးလို့လည်း ပြောပါတယ်။
အဲဒီပစ်ခတ်မှုဖြစ်စဉ်မှာ သမီးဖြစ်သူ အသက် ၂၅ နှစ်အရွယ် မစန်းရွှေဦးနဲ့ အခြားဧည့်သည်တစ်ဦးပါ ကျည် ထိမှန် ဒဏ်ရာရပြီး နောက်ထပ် ဧည့်သည်တစ်ဦးကတော့ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ သူက ဆိုပါတယ်။
သေဆုံးသူ မိသားစုဟာ လွန်ခဲ့တဲ့ နှစ် ၂၀ လောက်ကပင် ကလေးမြို့ ညောင်ပင်သာရပ်ကွက်မှာ နေထိုင် လာခဲ့သူတွေဖြစ်ပြီး သစ်လုပ်ငန်းနဲ့ အသက်မွေးကြသူတွေ ဖြစ်ကြသလို စစ်တပ်နဲ့ ဆက်ဆံရေးရှိကြသူတွေ ဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ ဇွန်လ ၂၀ ရက်နေ့ မနေ့က ထုတ်ပြန်ချက်မှာ NLD ပါတီ ထောက်ခံသူ တွေနဲ့ အကြမ်းဖက်သူတွေဟာ အေးချမ်းစွာနေထိုင်တဲ့ ပြည်သူတွေအပေါ် အကြောက်တရားတွေ လွှမ်းစေဖို့ ရည်ရွယ်ပြီး လူမဆန်စွာ လုပ်ကြံသတ်ဖြတ်တာ၊ ဖျက်ဆီးတာ၊ မိုင်းထောင်၊ မိုင်းခွဲတာတွေကို ပြုလုပ်နေကြပြီး အခုဒီဖြစ်ရပ်ဟာလည်း ဆူပူအကြမ်းဖက် သောင်းကျန်းသူတွေရဲ့လက်ချက်ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
အခင်းဖြစ်ပွားရာကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေ သွားရောက် စစ်ဆေးရာမှာ မိသားစုဝင် လေးဦး သေဆုံးနေတာကို တွေ့ရပြီး ဒဏ်ရာရနေတဲ့ သမီးဖြစ်သူ အသက် ၂၅ နှစ် အရွယ် မစန်းရွှေဦးကို ဆေးဝါးကုသနိုင်ဖို့ တပ်မတော် ဆေးရုံကို ပို့ဆောင်လိုက်တယ်လို့လည်း တပ်မတော်ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
"PDF တွေအနေနဲ့ ပြည်သူ့ကာကွယ်ရေးဖြစ်တဲ့အတွက် ပြည်သူတွေပေါ်မှာ ဒါမျိုးမလုပ်ဘူးဆိုတာ အပြည့်အဝ လုံးဝ ယုံကြည်တယ်"
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကလေးမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (People Defence Force) တာဝန်ရှိသူတစ်ဦးကတော့ ဒီသတ်ဖြတ်မှုကို သူတို့လုပ်တာမဟုတ်ဘူးလို့ တုံ့ပြန်လိုက်ပြီး စစ်ကောင်စီက လုပ်ခဲ့တယ် ဆိုတဲ့ သက်သေအချို့ ရထားတယ်လို့ ပြောပါတယ်။
“စစ်ကောင်စီက တစ်နိုင်ငံလုံးမှာရှိတဲ့ PDF တွေရဲ့ပုံရိပ်ကို ဖျက်ချင်တဲ့ အနေအထားတွေကတော့ အများအားဖြင့် ဖျက်ချင်တာပေါ့နော်။ PDF တွေရဲ့ ဖြစ်တည်မှု၊ ရပ်တည်မှု၊ ပြည်သူတွေရဲ့ ထောက်ခံ အားပေးမှုတွေကို ဖျက်ဆီးချင်တာ၊ ရိုက်ချိုးချင်တဲ့ဟာတွေ သူတို့လုပ်လုပ်နေတဲ့ ခြေလှမ်းတွေကတော့ အများကြီးပေါ့။ နောက်တစ်ခုက ကျွန်တော်တို့က အနီးနားပတ်ဝန်းကျင်က မျက်မြင်သက်သေတွေရဲ့ သက်သေတွေရှိတယ်ပေါ့နော်။ စစ်ကောင်စီဘက်က ယူနီဖောင်းတွေနဲ့ လာသွားတယ်ဆိုတာ လိုင်းပေါ် မှာလည်း တော်တော်ပြန့်နေတယ်။ ဆိုတော့ သူတို့ လုပ်တယ်ဆိုတာကိုလည်း အထောက်အထားတွေ ရထားတယ်။ ပြီးတော့ ကျနော်တို့ PDF တွေအနေနဲ့က ပြည်သူ့ကာကွယ်ရေးဖြစ်တဲ့အတွက် ပြည်သူတွေ အပေါ်မှာ ဒါမျိုးမလုပ်ဘူးဆိုတာ အပြည့်အဝ လုံးဝ ယုံကြည်တယ်”
စစ်ကောင်စီနဲ့ ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့အကြား အပြန်အလှန်စွပ်စွဲနေကြတဲ့ မိသားစု လေးဦး သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်လို့ မိသားစုဝင်အချို့ကို RFA ကဆက်သွယ်မေးမြန်းခဲ့ရာမှာ လုံခြုံရေး အခြေအနေကြောင့် ဖြေကြားဖို့ ငြင်းဆိုကြပါတယ်။
အလားတူ အခင်းဖြစ်ချိန်မှာ အသက်မသေဘဲ ထွက်ပြေးလွတ်မြောက်ခဲ့သူနဲ့ အိမ်နီးချင်းတွေ၊ နောက်ထပ် မျက်မြင်သက်သေတွေကို ဆက်လက် မေးမြန်းဖို့ ကြိုးစားနေဆဲဖြစ်တာကြောင့် ဒီသတ်ဖြတ်မှုဟာ ဘယ်သူ့ လက်ချက်ဆိုတာကို RFA က လတ်တလော သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
သေဆုံးခဲ့တဲ့ မိသားစုဝင် လေးဦးရဲ့ရုပ်အလောင်းကို မနေ့က သင်္ဂြုဟ်ခဲ့ကြချိန်မှာလည်း စစ်ကောင်စီ တပ်သား တွေက လုံခြုံရေးယူတာ၊ နာရေးလိုက်ပို့သူတွေရဲ့ လက်ကိုင်ဖုန်းတွေကို စစ်ဆေးတာတွေ လုပ်ဆောင်ခဲ့တယ် လို့ ဒေသခံတွေက ပြောပါတယ်။
ဒဏ်ရာရပြီး စစ်ဆေးရုံမှာ ဆေးကုသမှုခံယူနေရတဲ့ မစန်းရွှေဦးကိုတော့ ဒီနေ့ မန္တလေးဘက်မှာ ဆက်လက် ဆေးကုသမှုခံယူဖို့ ပို့ဆောင်လိုက်ရတယ်လို့လည်း မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ အခုလိုနည်းလမ်းအမျိုးမျိုးနဲ့ သတ်ဖြတ်ခံရသူပေါင်း ၄၀ ကျော်ရှိပြီလို့ ဒေသခံ တွေက ပြောဆိုကြပါတယ်။