ကလေးမြို့နယ်မှာ စစ်ကြောင်းထိုးနေလို့ လူတစ်သောင်းနီးပါး ထွက်ပြေး
ကလေးမြို့မြောက်ပိုင်းက ရွာတွေကို စစ်တပ်က စစ်ကြောင်းထိုးနေတာကြောင့် ရွားဆယ်ရွာခန့်က ဒေသခံတွေ ထွက်ပြေးနေရတယ်လို့ ဧပြီလ ၉ ရက်နေ့မှာ ပြောပါတယ်။
-
RFA Burmese
2024-04-09 -
-
-
စစ်ကိုင်းတိုင်း ကလေးမြို့မြောက်ပိုင်းက ရွာတွေဘက်ကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေတာကြောင့် ရွာပေါင်းဆယ်ရွာခန့်က ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ဧပြီလ ၉ ရက်နေ့မှာ ပြောပါတယ်။
ဆည်ကြီး၊ မော်စီ၊ ငှက်ပျောတော၊ ဟံသာ၊ ပျဉ်းခုံကြီး၊ ယောက်ချိုကွင်း၊ မိုင်နွှဲ၊ နန်းချောင်း၊ ပြည်တော်သာနဲ့ ညောင်တော စတဲ့ရွာတွေက ဒေသခံတွေ ထွက်ပြေးနေရတာလို့ ဒေသခံတွေက ပြောပါတယ်။
“စစ်ကောင်စီတပ်တွေက ပြီးခဲ့တဲ့အပတ်ကစလို့ ထိုးစစ်ဆင်လာတာ အခုလောလောတယ်က ကျွန်တော်တို့ မြောက်ပိုင်းဘက်က ရွာတွေ ထွက်ပြေးနေကြတယ်။ နီးစပ်ရာ တောတောင်တွေတချို့က ဆွေမျိုးတွေဆီနဲ့ ချင်းတောင်ဘက်ကို ရှောင်ကြတယ်”
ကလေးမြို့နယ် မြောက်ပိုင်းမှာ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေလည်း ဖြတ်တောက်ခံထားရတယ်လို့ သူက ဆိုပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းစက်ပိတ်ထားပါတယ်။
ဧပြီလ ၅ ရက်နေ့ကစလို့ ကလေးမြို့ မြောက်ပိုင်းကို စစ်ကောင်စီက လက်နက်ကြီးနဲ့ နေ့စဉ်ပစ်ခတ်နေပြီး ငါးရက်တွင်း လက်နက်ကြီးကြောင့် ဒေသခံငါးဦးထက်မနည်း သေဆုံးခဲ့ပြီး ၁၅ ဦးခန့် ဒဏ်ရာရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကိုင်းတိုင်းအတွင်း ဖေဖော်ဝါရီလကုန်လောက်က စတင်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် အရပ်သား နှစ်သောင်းရှစ်ထောင်ခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ဧပြီလ ၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။