ကလေးမြို့နယ် ပြည်တော်သာရွာက အမျိုးသားနှစ်ဦး သတ်ဖြတ်ခံရ

ကလေးမြို့နယ်၊ ပြည်တော်သာ ကျေးရွာမှာ မေ ၂ ရက်နေ့က စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့လို့ အမျိုးသားနှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကလေးမြို့နယ်၊ ပြည်တော်သာ ကျေးရွာအား တွေ့ရစဉ်။ Facebook/ Zalen

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ပြည်တော်သာ ကျေးရွာမှာ မေလ ၂ ရက်နေ့က စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့လို့ ဒေသခံ အမျိုးသားနှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

သေဆုံးသူတွေဟာ အသက် ၃၀ ၀န်းကျင်အရွယ် ကိုလာလ်ပူ နဲ့ အသက် ၄၀ အရွယ် ကိုဘာဘူ တို့ ဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

"သေတဲ့သူတွေက ကျွန်တော်တို့ ပြေးတဲ့ အချိန်မှာ ကျန်ခဲ့တာ။ အဲတော့ စစ်ကောင်စီတပ်က ကျန်တဲ့ သူတို့နှစ်ယောက်ကို ပစ်သတ်ခဲ့တာ။ သူတို့နှစ်ယောက်လုံး စိတ်ကျန်းမာရေးချို့ယွင်းနေတဲ့သူတွေပါ"

ဧပြီ ၃၀ ရက်နေ့ကစပြီး မေ ၂ ရက်နေ့အထိ ပြည်တော်သာကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေအကြား တိုက်ပွဲတွေ ပြင်းထန်ခဲ့တယ်လို့ ဆိုပါတယ်။

မေလ ၁ ရက်နေ့မှာ နေအိမ် တစ်ထောင်နီးပါးရှိတဲ့ ပြည်တော်သာကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ခဲ့ပြီး လက်ရှိ အဲဒီမှာ တပ်စွဲထားကာ နေအိမ်တွေကို မီးဆက်ရှို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ စစ်ကောင်စီတုံ့ပြန်ချက်ရရှိဖို့အတွက် စစ်ကိုင်းတိုင်း စစ်ကောင်စီ ပြောခွင့်ရ လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က ဖုန်းနဲ့ ဆက်သွယ်ထားပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

ဒါပေမဲ့ စစ်ကောင်စီတပ်က ကလေးမြို့နယ်က ပြည်တော်သာကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့တာ မရှိဘူးလို့ မေ ၃ ရက်နေ့ ဒီနေ့မှာ သတင်းထုတ်ပြန် ငြင်းဆိုထားပါတယ်။

ဧပြီလ ၅ ရက်နေ့က စပြီး ကလေးမြို့ မြောက်ပိုင်းမှာ စစ်ကောင်စီတပ်က မီးရှို့လို့ ရွာပေါင်းခြောက်ရွာက လူနေအိမ် ခြောက်ရာကျော် မီးလောင်ပြာကျခဲ့ပြီး ဒေသခံ ရှစ်ထောင်ကျော် ထွက်ပြေးနေရတယ်လို့ ဒေသခံတွေနဲ့ စစ်ဘေးဒုက္ခသည်အကူအညီပေးတဲ့သူတွေက RFA ကို ပြောပါတယ်။

စစ်တပ် အာဏာသိမ်းချိန်ကနေ ပြီးခဲ့တဲ့ ဧပြီလ ၃၀ ရက်နေ့အထိ အချိန်သုံးနှစ်ကျော်အတွင်း နိုင်ငံတစ်ဝန်းမှာ မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ် ကိုးသောင်းနီးပါး (၈၈,၃၇၃) ရှိလာပြီလို့လည်း Data for Myanmar က မေ ၃ ရက်နေ့ ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org