ကလေးမြို့နယ်မှာ အိမ် ၃၆ လုံး မီးရှို့ခံရကြောင်း PDF ထုတ်ပြန်

စစ်ကိုင်းတိုင်း ကလေးမြို့နယ် တောင်ပိုင်းမှာရှိတဲ့ ရေရှင်၊ တင်သားနဲ့ လယ်ခြား ကျေးရွာတွေကို စစ်ကောင်စီတပ်သားတွေ ရောက်ရှိလာပြီးနောက် နိုဝင်ဘာလ ၂၉ ရက်ကနေ ဒီဇင်ဘာလ ၁ ရက် ဒီနေ့မနက်အထိ နေအိမ်နဲ့ တဲအိမ် ၃၆ လုံး မီးရှို့ခံခဲ့ရတယ်လို့ ကလေး PDF က ဒီနေ့ထုတ်ပြန်ပါတယ်။

စစ်ကိုင်းတိုင်း ကလေးမြို့နယ်၊ လယ်ခြားကျေးရွာမှာ နေအိမ်တွေ မီးလောင်နေတာကို ၂၀၂၁၊ ဒီဇင်ဘာ ၁ ရက်နေ့က တွေ့ရစဉ် Photo: Citizen Journalist

စစ်ကိုင်းတိုင်း ကလေးမြို့နယ် တောင်ပိုင်းမှာရှိတဲ့ ရေရှင်၊ တင်သားနဲ့ လယ်ခြားကျေးရွာတွေကို စစ်ကောင်စီ တပ်သားတွေ ရောက်ရှိလာပြီးနောက် နိုဝင်ဘာလ ၂၉ ရက်ကနေ ဒီဇင်ဘာလ ၁ ရက် ဒီနေ့မနက်အထိ နေအိမ် နဲ့ တဲအိမ် ၃၆ လုံး မီးရှို့ခံခဲ့ရတယ်လို့ ကလေး PDF က ဒီနေ့ထုတ်ပြန်ပါတယ်။

ရေရှင်ကျေးရွာမှာတော့ နိုဝင်ဘာ ၂၉ ရက် မွန်းလွဲ ၁ နာရီလောက်က နေအိမ် ၁၅ လုံးခန့်နဲ့ လယ်ခြားကျေးရွာ မှာတော့ ဒီနေ့မနက် ၁၀ နာရီလောက်က နေအိမ် ရှစ်လုံး မီးရှို့ခံခဲ့ရတာလို့ ဆိုပါတယ်။

နိုဝင်ဘာ ၃၀ ရက် မနေ့ကလည်း နွားတောင်ပေါ်မှာရှိတဲ့ တဲအိမ် ၁၀ လုံး၊ တင်သားကျေးရွာက နေအိမ် သုံးလုံး မီးရှို့ခံခဲ့ရတယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

လက်ရှိမှာလည်း လယ်ခြားရွာမှာ မီးက ဆက်လောင်နေဆဲဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံ ကျေးရွာသား တစ်ဦးက ပြောပါတယ်။

"လယ်ခြားက သုံးလုံးလောင်သွားပြီ။ ရှို့နေတာ လယ်ခြားနဲ့ ကုက္ကိုလ်မှာရှိတယ် စစ်သားတွေ။ သုံးလုံး လောင်သွားပြီ။ အခုထိ လောင်နေတာမြင်ရတယ်"

စစ်ကောင်စီတပ်သား ၇၀ ခန့်ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေအပေါ် စစ်ဆင်ရေးအတွက် အဲဒီ ရွာတွေကို ရောက်ရှိလာခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာ စစ်တပ်က လယ်ခြားနဲ့ ကုက္ကိုလ်ကျေးရွာတွေမှာ တပ်စွဲထားသလို ကျေးရွာသားတွေကလည်း ထွက်ပြေးတိမ်းရှောင်နေရတာကြောင့် မီးလောင်တာကို အဝေးကနေပဲ လှမ်းကြည့်နေကြရတယ်လို့လည်း ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။

ဒီဒေသမှာ စစ်တပ်က PDF အဖွဲ့တွေကို ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ လုပ်နေတာကြောင့် ရေရှင်၊ ကုက္ကိုလ်၊ လယ်ခြား၊ အင်းကျွန်း၊ ရှားတော၊ နွားရွာ၊ ကြံသာ၊ ရှားဖို၊ ကြံသာ၊ ကျောက်ဆည်၊ တင်သား၊ ဒိုးနွယ် စတဲ့ ကျေးရွာပေါင်း ၁၀ ကျော်က လူဦးရေ တစ်သောင်းခန့်ဟာ ဘေးလွတ်ရာ တောတောင်တွေထဲကို ထွက်ပြေး တိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org