ကျန်းမာရေးအသုံးစရိတ်တိုးပေးဖို့ ကလေးမြို့မှာဆန္ဒပြ

ဆေးရုံတွေမှာ လူနာကို လူသားဆန်တဲ့စိတ်နဲ့ စောင့်ရှောက်ကုသပေးဖို့၊ ကျန်းမာရေးအသုံးစရိတ် ဘတ်ဂျက်ငွေကို ၁ဝ ရာခိုင်နှုန်းအထိ တိုးမြှင့်ပေးဖို့ စစ်ကိုင်းတိုင်း ကလေးမြို့မှာ ကျောင်းသားပြည်သူ နှစ်ထောင်ကျော် ဒီနေ့ ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။

ကျန်းမာရေးအသုံးစရိတ်တိုးပေးဖို့ တောင်းဆိုသော ဆန္ဒပြပွဲတွင် ပါဝင်ခဲ့ကြသော ကလေးမြို့က တက္ကသိုလ်ကျောင်းသားများ။ Photo: Ba Kyue

ဆေးရုံတွေမှာ လူနာကို လူသားဆန်တဲ့စိတ်နဲ့ စောင့်ရှောက်ကုသပေးဖို့၊ ကျန်းမာရေးအသုံးစရိတ် ဘတ်ဂျက်ငွေကို ၁ဝ ရာခိုင်နှုန်းအထိ တိုးမြှင့်ပေးဖို့ စစ်ကိုင်းတိုင်း ကလေးမြို့မှာ ကျောင်းသားပြည်သူ နှစ်ထောင်ကျော် ဒီနေ့ ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။

ကလေးမြို့က နည်းပညာတက္ကသိုလ် ပဉ္စမနှစ်ကျောင်းသား တာန်ဒဲမွန်းမန်ဟာ ဇန်နဝါရီလ ၂၆ ရက် နေ့ညက မော်တော်ဆိုင်ကယ် မတော်တဆမှုကြောင့် လမ်းဘေးမှာ ဒဏ်ရာရထားတာကို ရဲတပ်ဖွဲ့က တွေ့ပြီး ကလေးမြို့ဆေးရုံကြီး အရေးပေါ်ဌာနကို ပို့လိုက်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ချက်ခြင်းကုမပေးတဲ့အတွက် အဲဒီကျောင်းသားဟာ နောက်တစ်နေ့မှာ ကွယ်လွန်သွားတယ် လို့ ဒီနေ့ဆန္ဒပြပွဲကို ဦးဆောင်တဲ့ ကျောင်းသားတွေထဲက ဝါဘိတ်လှိုင်မိုက ပြောပါတယ်။

ကွယ်လွန်သူကျောင်းသား တာန်ဒဲမွန်းမန်ကို သင်္ဂြိုဟ်တဲ့နေ့မှာ ကလေးမြို့ဆေးရုံအုပ်ကြီးက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး ပြောဆိုခဲ့တာတွေကို သဘောမတူဘူးလို့ ကျောင်းသားတွေက ပြောပါတယ်။

ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ ဆေးရုံအုပ်ကြီး ဒေါက်တာအောင်မျိုးဝင်းကို ဒီနေ့ညနေမှာ RFA က တယ်လီဖုန်းနဲ့ အကြိမ်ကြိမ်ဆက်သွယ်ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

ဒီဆေးရုံဟာ အဲဒီဒေသတဝိုက်က ပြည်သူ သိန်းနဲ့ချီပြီး အားကိုးနေရတာဖြစ်လို့ ဆေးရုံရဲ့ ဝန်ဆောင်မှုကောင်းဖို့ လိုအပ်ပြီး ဘတ်ဂျက်လည်း လုံလုံလောက်လောက်ရသင့်တယ်လို့ ဒီနေ့ဆန္ဒပြပွဲမှာ ပူးပေါင်းပါဝင်ခဲ့တဲ့ ကလေးမြို့က ကိုဘကြူးက ပြောပါတယ်။

ဆေးရုံတွေမှာ လူနာတွေကို ကောင်းကောင်းမွန်မွန် စောင့်ရှောက်ဖို့နဲ့ ဘတ်ဂျက်ငွေတိုးပေးဖို့ တနိုင်ငံလုံးအတွက် တောင်းဆိုတာလို့ ကျောင်းသားခေါင်းဆောင် ဝါဘိတ်လှိုင်မိုက ပြောပါတယ်။

သူတို့ရဲ့တောင်းဆိုချက်ကို သက်ဆိုင်ရာအာဏာပိုင်တွေနဲ့ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ကိုလည်း ပေးပို့ထားတယ်လို့ ပြောပါတယ်။ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့က လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းကို RFA က ဆက်သွယ်ခဲ့ပေမယ့် တယ်လီဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

ဆန္ဒပြပွဲကို နည်းပညာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ၊ ကလေးတက္ကသိုလ် ကျောင်းသားများ သမဂ္ဂ၊ ကွန်ပျူတာတက္ကသိုလ် ကျောင်းသားများသမဂ္ဂနဲ့ ချင်းကျောင်းသားများသမဂ္ဂက ဦးဆောင်ပြီး ဒေသခံပြည်သူတွေနဲ့အတူ မနက် ၁ဝ နာရီ ၄၅ မိနစ်လောက်ကနေ နေ့လယ် ၁၂ နာရီ ၂ဝ လောက်ထိ ကလေးမြို့ထဲမှာ ချီတက်တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org