ကလေးမြို့နယ်မှာ နေရပ်ပြန် ဒုက္ခသည်တွေ တားဆီးကန့်သတ်ခံနေရ
ကလေးမြို့နယ်တောင်ပိုင်း သာစည်ရွာက ဒေသခံတွေဟာ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိနေရပ်ကို ပြန်လာချိန်မှာတော့ စစ်ကောင်စီတပ်က တားဆီးကန့်သတ် စစ်ဆေးတာတွေ လုပ်နေပါတယ်။
-
RFA Burmese
2023-10-05 -
-
-
စစ်ကိုင်းတိုင်း ကလေးမြို့နယ်တောင်ပိုင်း သာစည်ရွာက ဒေသခံတွေဟာ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိနေရပ်ကို ပြန်လာချိန်မှာတော့ စစ်ကောင်စီတပ်က တားဆီးကန့်သတ် စစ်ဆေးတာတွေ လုပ်နေတယ်လို့ ဒေသခံတွေက အောက်တိုဘာလ ၅ ရက် ဒီနေ့မှာ RFA ကို ပြောပါတယ်။
သာစည်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က နေရပ်ပြန်လာသူတွေ မိသားစုဦးရေနဲ့ အိမ်ထောင်စုစာရင်းကို တိုက်ဆိုင်စစ်ဆေးမေးမြန်းတာ၊ PDF သံသယနဲ့ အသေးစိတ် စစ်ဆေးမြန်းတာတွေလုပ်ပြီးမှ မိမိရဲ့ နေအိမ်တွေကို ပြန်ခိုင်းတာလို့ သာစည်ရွာခံတစ်ဦးက ပြောပါတယ်။
“စစ်ကောင်စီတပ်တွေက သာစည်ရွာကို ဝင်ပြီးတဲ့အခြေနေမှာ နေအိမ်တွေကို ပြန်နေထိုင်ချင်ရင် အိမ်ထောင်စုစာရင်းကို စစ်တယ်။ အိမ်ထောင်စု စာရင်းထဲမှာ ယောကျ်ားတွေပါရင်လည်း သူတို့ ဘယ်ရောက်နေလဲ၊ ဘာလုပ်နေလဲ၊ ခရီးသွားနေလားဆိုပြီး အဲလိုမျိုးစစ်တယ်။ ရွာထဲပြန်ရောက်သူတွေကို သူတို့က ပေါ်တာဆွဲပြီး သူတို့ ဝေယျာဝစ္စတွေခိုင်းတယ်။ အဲဒါကြောင့် ကျန်တဲ့သူတွေက နေအိမ်တွေပြန်ချင်ပေမယ့် ပြန်မသွားရဲကြသေးတာ”
စက်တင်ဘာ ၂၆ ရက်နေ့ကစလို့ ကလေးမြို့တောင်ပိုင်းက မြို့လှ၊ အင်ဒိုင်းကုန်း၊ စက္ကန့်၊ သာစည်စတဲ့ ရွာတွေအနီးမှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေ အကြား တိုက်ပွဲတွေပြင်းထန်ခဲ့လို့ သာစည်ရွာက ဒေသခံတွေဟာလည်း ရွာလုံးကျွတ် ထွက်ပြေးခဲ့ရတာပါ။
တိုက်ပွဲတွေ ငြိမ်သွားပေမယ့် လက်ရှိမှာတော့ တားဆီးစစ်ဆေးမှုတွေကြောင့် အိမ်ခြေနှစ်ထောင်နီးပါးနဲ့ လူဦးရေ ငါးထောင်ကျော် သာစည်ရွာရဲ့ လူဦးရေ သုံးပုံတစ်ပုံလောက်ပဲ ရွာထဲမှာ ပြန်လည်နေထိုင်ရသေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကိစ္စတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောရေးဆိုခွင့်ရှိသူ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။
လက်ရှိမှာတော့ စစ်ကောင်စီတပ်က အင်အား ၁၀၀ လောက်နဲ့ သာစည်ရွာကို ဝင်ရောက်စီးနင်းထားတာဖြစ်ပြီး ရွာထဲက နေအိမ်တချို့ကိုလည်း မီးရှို့ဖျက်ဆီးတာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အာဏာသိမ်းပြီးနောက် ပဋိပက္ခတွေကြောင့် စစ်ကိုင်းတိုင်းမှာ နေရပ်စွန့်ခွာထွက်ပြေးရသူ ရှစ်သိန်းကျော် (၈၁၃,၅၀၀) ရှိလာပြီလို့လည်း ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ အောက်တိုဘာလ ၂ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။