ကလေးမြို့နယ်မှာ ၃ လကျော်အတွင်း နေအိမ် ၈၀ ကျော်မီးရှို့ခံရ
ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း စကိုင်းတိုင်း ကလေးမြို့နယ်ထဲက ကြံသားရွာမှာ အိမ် ၁၃ လုံး၊ ဒိုးနွယ်ရွာက ၄ လုံး၊ တင်သားရွာက ၄ လုံး၊ ရေရှင်ရွာမှာ ၄ လုံး၊ ထလုံးရွာက ၃ လုံး၊ လယ်ခြားရွာက ၁ လုံး မီးရှို့ဖျက်ဆီးခံရ ပြီးတော့ နိုဝင်ဘာလထဲမှာတော့ ရေရှင်ကျေးရွာက အိမ် ၁၅ လုံး၊ ချင်းဆိုင်ရွာက အိမ် ၈ လုံး၊ ချောင်းခွရွာက ၃ လုံးနဲ့ ဥယျာဉ်ရွာက အိမ် ၄ လုံး စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ မီးရှို့ဖျက်ဆီးတာကို ခံခဲ့ကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
- 2021-12-04
-
-
-
ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း စကိုင်းတိုင်း ကလေးမြို့နယ်ထဲက ကြံသားရွာမှာ အိမ် ၁၃ လုံး၊ ဒိုးနွယ်ရွာက ၄ လုံး၊ တင်သားရွာက ၄ လုံး၊ ရေရှင်ရွာမှာ ၄ လုံး၊ ထလုံးရွာက ၃ လုံး၊ လယ်ခြားရွာက ၁ လုံး မီးရှို့ဖျက်ဆီးခံရ ပြီးတော့ နိုဝင်ဘာလထဲမှာတော့ ရေရှင်ကျေးရွာက အိမ် ၁၅ လုံး၊ ချင်းဆိုင်ရွာက အိမ် ၈ လုံး၊ ချောင်းခွရွာက ၃ လုံးနဲ့ ဥယျာဉ်ရွာက အိမ် ၄ လုံး စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ မီးရှို့ဖျက်ဆီးတာကို ခံခဲ့ကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီဇင်ဘာ ၁ ရက်နေ့မှာလည်း လယ်ခြားရွာက အိမ် ၁၃ လုံး၊ ကုက္ကိုလ်ရွာက ၁ လုံး မီးရှို့ခံခဲ့ရပါသေးတယ်။
"တိုက်တယ်ဆိုရင် ယောကျာ်းဆန်ဆန် တိုက်ပေါ့ဗျာ။ အခုဟာကျတော့ အပြစ်မဲ့ ပြည်သူအိမ်တွေ မီးရှို့တယ်"
ဒီဇင်ဘာ ၂ ရက်နေ့မနက်မှာတော့ စစ်ကောင်စီတပ်တွေ ကုက္ကိုလ်ရွာမှာ ညအိပ်ပြီး ရှားတောရွာက နေအိမ် ၉ လုံးကို မီးရှို့ခဲ့ပါတယ်။ မင်းလှရွာနဲ့ အရှေ့စည်းရွာက နေအိမ်တွေထဲကိုလည်း ဝင်ရှောက်ရှာဖွေခဲ့ကြတယ်လို့ ဒီလို အန္တရာယ်တွေကြောင့် ဘေးလွတ်ရာကို ၇ ကြိမ်တိုင်တိုင် ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ တင်သားရွာခံ တစ်ဦးက ရှင်းပြပါတယ်။
"ဒီတပတ်အတွင်းက ရေရှင်ရယ်၊ လယ်ခြားရယ်၊ ကုက္ကိုလ်ရယ်၊ ရှားတောရယ် ဆိုတော့ လေးရွာပေါ့။ နောက်ထပ် ဒီနေ့က မသိသေးဘူး။ သူတို့ ဆက်ရှို့စရာတွေရှိတာ ရှို့ချင်ရှို့ဦးမှာပ။ ကုက္ကိုလ်ရွာမှာ ညအိပ်တယ်။ ဒါဒီနေ့မနက်ထလင်းတော့ မြောက်ဘက်ကို ထွက်ပြီးမှ ရှားတောမှာ အိမ် ကိုးလုံး မီးရှို့ တယ်ဗျာ။ စစ်ကြောင်း တစ်ကြောင်းက မင်းလှရွာနဲ့ အရှေ့စည်းမှာ မွှေနေတယ်"
နိုဝင်ဘာ ၂၈ ရက်နေ့က ရေရှင်ရွာက အမျိုးသား တစ်ဦးနဲ့ အင်းကျွန်းရွာက အမျိုသား လေးဦးကို စစ်ကောင်စီ တပ်က ဖမ်းဆီးသွားခဲ့ပြီး အင်းကျွန်းရွာနားက တဲနှစ်လုံးမှာ မီးရှိူ့သတ်ခံရတဲ့ ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့ တယ်လို့ သေဆုံးသူ မိတ်ဆွေတွေက ပြောပါတယ်။
သူတို့ရဲ့ ရုပ်အလောင်းတွေကို ဒီဇင်ဘာ၁ရက်နေ့မှာပဲ မြေမြုပ်သင်္ဂြိုဟ်ပေးလိုက်တယ်လို့လည်း ဆိုပါတယ်။
သူရဲ့ နေအိမ်အပါအဝင် နေအိမ် ၁၉ လုံး မီးရှို့ခံရတဲ့ ရေရှင်ရွာသားတစ်ဦးက သူ့ရဲ့ အိမ်အပြင် စပါးတင်း ၁၂၀ ထည့်ထာတဲ့ စပါးကျီတစ်လုံးပါ ပြာကျသွားတယ်လို့ ဆိုပါတယ်။
“ကျနော်တို့မှာ အဲဒီအိမ်တစ်အိမ်ဆောက်ဖို့ဆိုတာ ကျနော်တို့ သားသမီးရှိပေငြားသော်လည်း ဒီအိမ် ဆောက်ဖို့ဆိုတာ ငါးနှစ်ပမာဏ စုစည်းဖို့မလွယ်ဘူး။ ကောက်ပဲသီးနှံတွေဆိုတာ ကျနော်တို့ဟာ ရဖို့ဆိုတာ အင်မတန်ကို ရာသီဥတုကကောင်းမှ ဘယ်လိုမှကို ဆောက်ဖို့ကအဆင်ပြေမနေဘူး။ ကျနော်တို့မှာ အိမ် တစ်အိမ်ဆောက်ဖို့ဆိုတာ အနည်းဆုံး ရှစ်နှစ်လောက် အားယူရတယ်။ အဲလောက်အားယူပြီးကာမှ ဆောက်ရတာ အိမ်တစ်လုံးကို မလွယ်ဘူးဗျ။ အဲလိုမျိုး ကျနော်တို့ဟာ တောသူတောင်သားတွေ မြို့နဲ့လည်း အလှမ်းဝေးတယ်ဆိုတော့ ကျနော်တို့မှာ ကောက်ပဲသီးနှံတွေ ရောင်းတဲ့အခါကျတော့လည်း ဘယ်လောက် မှမရဘူး။ အိမ်တစ်လုံးဆောက်ဖို့ဆိုတာ အင်မတန်ကို ခဲယဉ်းတယ်ဗျ။ ဘဝနဲ့ကိုရင်းပြီး ဆောက်ထားတဲ့ အိမ်တွေ ကျနော်တို့မှာ ဆုံးရှုံးတာ”
ဒီလိုနေအိမ်တွေ မီးရှို့ခံရတာဟာ ကျေးရွာအတွင်းနေထိုင်သူတွေဟာ PDF တွေကို ထောက်ပံ့ပေးတာ၊ ရွာ ထဲမှာ PDF တွေ နေထိုင်တယ်အထင်နဲ့ စစ်ကောင်စီဘက်က လုပ်နေတာလို့ ဒေသခံတွေက ယူဆပါတယ်။ တကယ်တော့ သူတို့ဟာ PDF တပ်ဖွဲ့ဝင်တွေနဲ့ ပတ်သက်သူ မဟုတ်ဘဲ သာမာန်လယ်သမား၊ အရပ်သား တွေပဲဖြစ်တယ်လို့ ဆိုပါတယ်။
ဒီလိုအခြေအနေတွေကြောင့် ရေရှင်၊ လယ်ခြား၊ ရှားတော၊ ကုက္ကိုလ်၊ ဒိုးနွယ်၊ တင်သား၊ ကြံသာ၊ နွားရွာ၊ မင်းလှ၊ အင်းကျွန်း၊ အရှေးစည်း၊ ရှားဖို၊ ကျောက်ဆည် စတဲ့ရွာတွေက ဒေသခံ တစ်သောင်းကျော်ဟာ ဘေးလွတ်ရာ တောတောင်တွေဆီကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ ဒီဒုက္ခသည်တွေအတွက် အဝတ်အထည်၊ အစားအစာနဲ့ ဆေးဝါးတွေ အရေးပေါ်လိုအပ်နေတယ်လို့ လယ်ခြားရွာက စစ်ပြေးဒုက္ခ သည်တစ်ဦးက ရှင်းပြပါတယ်။
"အခုလောလောဆယ် အခက်ခဲကတော့ ဟိုလိုပေါ့ဗျာ။ တချို့တွေလည်း အခုချိန်က သိတဲ့အတိုင်းပဲ ရာသီအကူးအပြောင်း ဖျားကြတာတွေရောဆိုတော့ နည်းနည်းတော့ ဒုက္ခရောက်တာပေါ့ဗျာ။ တချို့တွေကလည်း ခဏပဲဆိုပြီး ပြေးကြတဲ့ဟာကြတော့ ၃ လေး ၄ ရက်လောက် ရောက်သွားပြီလေ။ ပြေးကြရတာ တောထဲမှာပဲရှောင်ကြရတာ။ တချို့ကျတော့ စရိတ်ပြတ်တာတို့ဘာတို့တွေလည်း ဖြစ်နေကြတယ်ဗျ။ အဲလိုတွေပေါ့ ဟိုကျနော့် ဖေဖေဆိုရင် အစားအိမ်သွေးကြောပေါက်လို့ တောထဲမှာပဲ ဖြစ်သလိုကုနေရတယ်ပေါ့ဗျာ။ လာလို့ရလည်း မရသေးဘူးဆိုတော့"
စစ်ကောင်စီပြောခွင့်ရသူ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ ပြည်သူတွေရဲ့ အိမ်တွေ မီးရှို့ခံရတာဟာ တပ်မတော်သားတွေရဲ့ လက်ချက်မဟုတ်ဘူးလို့ ငြင်းဆိုပါတယ်။
“PDF အမည်ခံအဖွဲ့တွေ CDF အမည်ခံအဖွဲ့တွေရှိတယ် ကင်းအဖွဲ့တွေကို ပစ်ခတ်တယ်၊ လှည့်ကင်းအဖွဲ့ တွေကို ပစ်ခတ်တယ်။ ပစ်ခတ်ပြီးတော့မှ တပ်ကနေလိုက်လံပြီးတော့ လုံခြုံရေးအရ ဆောင်ရွက်တဲ့အခါမှာ မီးရှို့ပြီး ထွက်ပြေးတာတွေလုပ်တယ်။ သူတို့ လက်တွေ့လုပ်ဆောင်နေတဲ့ အလုပ်တွေကို တပ်မတော်ကို လွှဲချပြီးတော့ ပြောင်းပြန်ပြောဆိုခြင်းဖြစ်တယ်လို့ပဲ ပြောချင်ပါတယ်။ အောက်ခြေတပ်သားတွေအနေ နဲ့လည်း တပ်မတော်မှာ တစ်ဦးချင်း၊ တစ်ယောက်ချင်း သွားလာတာမျိုး၊ တစ်ဦးချင်း၊ တစ်ယောက်ချင်း ဆောင်ရွက်တာမျိုး ရှိစရာအကြောင်း မရှိပါဘူး။ စည်းမဲ့ကမ်းမဲ့ ဆောင်ရွက်တာမျိုး မရှိပါဘူး။ တစ်ဦးချင်း သွားလာဆောင်ရွက်တယ်၊ မိုင်းထောင်မိုင်းဆွဲ တိုက်တယ်၊ တစ်ဦးချင်း လုပ်ကြံသတ်ဖြတ်တယ်ဆိုတာက PDF အမည်ခံ၊ CDF အမည်ခံ အဖွဲ့တွေပဲ လုပ်နေတာဖြစ်တယ်။ ကျွန်တော်တို့က လုံခြုံရေးအရ သွားလာ တာမှာ အစုအဖွဲ့လိုက် ဦးစီးခေါင်းဆောင်တွေ ပါဝင်ပြီး သွားတာဖြစ်တယ်။ သူ့စုဖွဲ့မှုနဲ့သူပဲ သွားတာဖြစ် တယ်။ သူ့စုဖွဲ့မှုနဲ့သူပဲ လုံခြုံရေး လုပ်တာဖြစ်တယ်။ အားလုံးသည် စည်းကမ်းတွေ လိုက်နာရမယ်ဆိုတာ အောက်ခြေအဆင့်အထိ သိပြီးဖြစ်ပါတယ်”
ကလေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ကတော့ ဒီပြောဆိုချက်ကို လက်မခံပါဘူး။
စစ်ကောင်စီက အခုလို ရွာတွေကို မီးရှို့ဖျက်ဆီးနေတာတွေဟာ ပြည်သူတွေရဲ့ အသက်အိုးအိမ်ကို သက်သက် ဖျက်ဆီးနေတဲ့ သတ္တိမရှိတဲ့လုပ်ရပ်ပဲလို့ ကလေး ပြည်သူ့ကာကွယ်ရေး PDF တပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ တစ်ဦးက ပြောပါတယ်။
"လက်နက်ရှိရင် ယောကျာ်းဆန်ဆန် တိုက်မယ်ဆိုရင် လက်နက်ကိုင်ပြီး ယောကျာ်းဆန်ဆန် တိုက်တာမျိုး တိုက်ဖို့လိုတယ်။ အပြစ်မဲ့ ပြည်သူတွေရဲ့ အိုးအိမ်စည်းစိမ်တွေကို ဒါမျိုးလုပ်တာတွေကို လုံးဝဘယ်လိုပြော မလဲဆိုလို့ရှိရင် အောက်တန်းကျတဲ့ လုပ်ရပ်လို့ မြင်တယ်ပေါ့ဗျာ။ တိုက်တယ်ဆိုရင် ယောကျာ်းဆန်ဆန် တိုက်ပေါ့ဗျာ။ အခုဟာကျတော့ အပြစ်မဲ့ ပြည်သူအိမ်တွေ မီးရှို့တယ်၊ အခုဆိုလို့ရှိရင် အိမ်ခြေ ၁၉၀ လောက်ရှိတဲ့ဟာကို ထက်ဝက်ကျော် လောင်သွားတယ်။ အဲလိုတွေဟာ မဖြစ်သင့်တဲ့ ကိစ္စတွေပေါ့"
ကလေးမြို့နယ်အတွင်း နိုဝင်ဘာလထဲမှာ စစ်ကောင်စီတပ်နဲ့ PDF တပ်ဖွဲ့တွေ နေ့တိုင်းလိုလို တိုက်ပွဲတွေ ရှိခဲ့ပါတယ်။
အခုချိန်ထိလည်း တိုက်ခိုက်မှုတွေက မပြတ်သေးပါဘူး။ စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ အခုချိန်ထိ ကလေးမြို့နယ်အတွင်းမှာ စစ်ကောင်စီရဲ့ လက်ချက်နဲ့ သေဆုံးသူ ၆၅ ဦးထက် မနည်းရှိခဲ့သလို ဖမ်းဆီးခံရသူဟာလည်း ၃၆၅ ဦးထက်မနည်းရှိတယ်လို့ ကလေးမြို့ သပိတ်ဦးဆောင် သူတွေက ပြောပါတယ်။