ကလေးမြို့နယ်မှာ လက်နက်ကြီးကြောင့် ကလေး တစ်ဦးသေ၊ သုံးဦး ဒဏ်ရာရ

ကလေးမြို့ တောင်ပိုင်းမှာရှိတဲ့ အရှေ့စံသာကျေးရွာထဲ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ကလေးတစ်ဦး သေဆုံးပြီး မိသားစုသုံးဦး ဒဏ်ရာရရှိသွားပါတယ်။

ကလေးမြို့ အရှေ့သာစံရွာတွင် စစ်ကောင်စီတပ်မှ ပစ်ခတ်ခဲ့သည့် လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တဲ့ နေအိမ်အား ၂၀၂၃ ခုနှစ် ဇွန်လ ၂၂ ရက်နေ့က တွေ့ရစဉ်။ Citizen Journalist

စစ်ကိုင်းတိုင်း၊ ကလေးမြို့ တောင်ပိုင်းမှာရှိတဲ့ အရှေ့စံသာကျေးရွာထဲကို ဇွန်လ ၂၁ ရက် မနေ့ည ၉ နာရီကျော်အချိန်က လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အသက် ငါးနှစ်အရွယ် ကလေးတစ်ဦး သေဆုံးပြီး မိသားစုသုံးဦး ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီလက်နက်ကြီးဟာ ကလေးမြို့ နည်းပညာတက္ကသိုလ်နားမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့တာဖြစ်ပြီး အရှေ့စံသာကျေးရွာထဲက နေအိမ်ကို တည့်တည့်ထိမှန်ရာမှာ အရပ်သားတွေ ထိခိုက်သေဆုံးခဲ့ရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"မနေ့ညက လက်နက်ကြီး သုံးလုံး တောင်ပိုင်းဘက်ကိုပစ်တာ၊ တစ်လုံးက အနောက်သာစံရွာထဲက အိမ်ပေါ်ကျပြီး ထိခိုက်သေဆုံးမှုဖြစ်တာ၊ တိုက်ပွဲရှိလို့ မဟုတ်ဘူး၊ ဒီတိုင်းပဲ ပစ်တာ၊ နေ့တိုင်းလိုလို ပစ်တယ်"

သေဆုံးသွားတဲ့ အသက် ၅ နှစ် အရွယ် ကလေးမှာ ဦးခေါင်းကို လက်နက်ကြီးအစ ထိမှန်ခဲ့တာဖြစ်ပြီး ဒဏ်ရာရသွားတဲ့ အသက် ၄၀ အရွယ် ကလေးမိခင်ကိုတော့ ခြေတစ်ဖက် ဖြတ်လိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးသူကလေးရဲ့ အစ်ကိုဖြစ်သူ အသက် ခုနစ်နှစ်အရွယ် ကလေးရဲ့ ဦးခေါင်းမှာလည်း ပြင်းထန်ဒဏ်ရာရခဲ့သလို အသက် ၁၂ နှစ်အရွယ် အစ်မဖြစ်သူမှာလည်း ဒဏ်ရာပြင်းပြင်း ထန်ထန်ရရှိခဲ့တယ်လို့လည်း ပြောပါတယ်။

သူတို့မိသားစုရဲ့ လုံခြုံရေးကြောင့် သေဆုံးသူကလေးရဲ့ အမည်နဲ့ ထိခိုက်ဒဏ်ရာရသွားတဲ့ မိသားစုဝင်အမည်ကိုတော့ ဒေသခံတွေက ထုတ်ဖော်ပြောဖို့ ငြင်းဆိုကြပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကိုင်းတိုင်း စစ်ကောင်စီပြောခွင့်ရသူကို RFA က ဖုန်းဆက်သွယ်မေးမြန်ခဲ့ပေမယ့် ဖုန်းလက်ခံမဖြေကြားပါဘူး။

ကလေးမြို့မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ဇွန်လ ၁၆ ရက်နေ့ကနေ ၂၀ ရက်ထိ ငါးရက်အတွင်း သေဆုံးသူ အရပ်သား လေးဦးရှိနေသလို ထိခိုက်ဒဏ်ရာရသူဟာလည်း ရှစ်ဦးအထိရှိနေတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

လက်ရှိမှာ ကလေးမြို့တောင်ပိုင်းက ရေလဲဦး၊ ပေါက်ခုံ၊ သာစည်၊ ဇင်းကလင်း၊ ချင်းဆိုင်၊ ထိုမာ စတဲ့ရွာတွေက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြပြီး အရေအတွက် ဘယ်လောက်ထွက်ပြေးနေရတယ်ဆိုတာတော့ မသိရသေးပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org