ကမန်မျိုးနွယ်စုတွေ တပ်ချုပ်ကို ရှင်းပြခွင့်ပေးဖို့ တောင်းဆို

ရခိုင်ပြည်နယ်နေ့ အခမ်းအနားကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သဝဏ်လွှာပေးပို့ရာမှာ ကမန်မျိုးနွယ်စုနာမည် ချန်လှပ်ခဲ့တာနဲ့ပတ်သက်လို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့ တွေခွင့်တောင်းဆိုထားတယ်လို့ ကမန်အမျိုးသား တိုးတက်ရေးပါတီ တာဝန်ရှိသူတွေက ပြောပါတယ်။

တပ်မတော်ကာကွယ်ရေးဦစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တွေ့ရစဉ် Photo: တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့
ရခိုင်ပြည်နယ်နေ့ အခမ်းအနားကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သဝဏ်လွှာပေးပို့ရာမှာ ကမန်မျိုးနွယ်စုနာမည်ကို ချန်လှပ်ခဲ့တာနဲ့ပတ်သက်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နဲ့ တွေခွင့်တောင်းဆိုထားတယ်လို့ ကမန်အမျိုးသားတိုးတက်ရေးပါတီ တာဝန်ရှိသူတွေက ပြောပါတယ်။
 
ပြီးခဲ့တဲ့ဒီဇင်ဘာ ၁၅ ရက်နေ့က ကျရောက်တဲ့ ၄၆ ကြိမ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သဝဏ်လွှာပေးပို့ရာမှာ ရခိုင်တိုင်းရင်းသားမျိုးနွယ်စုထဲမှာပါတဲ့ ကမန်လူမျိုးစုကို ချန်လှပ်ခဲ့ပါတယ်။
 
ကမန်တိုင်းရင်းသားတွေဟာ နိုင်ငံတော်အသိအမှတ်ပြု တိုင်းရင်းသား ၁၃၅မျိုးထဲမှာ ပါဝင်သလို ရခိုင် တိုင်းရင်းသားမျိုးနွယ်စု ခုနစ်မျိုးထဲမှာလည်း ပါဝင်တာကြောင့် ကမန်တိုင်းရင်းသားဖြစ်ပေါ်လာပုံ သမိုင်းအပါအဝင် ကမန်တိုင်းရင်းသားတွေ ခေတ်အဆက်ဆက် ရခိုင်ပြည်နယ်မှာ တည်ရှိတဲ့အကြောင်းကို ရှင်းပြဖို့ ဒီဇင်ဘာလ ၁၈ ရက်နေ့က စာရေးသားပေးပို့ တောင်းဆိုထားတာလို့ ကမန်အမျိုးသား တိုးတက်ရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးတင်ငွေက ပြောပါတယ်။
 
ရခိုင်ပြည်နယ်နေ့ အခမ်းအနားကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က သဝဏ်လွှာပေးပို့တာ၊ သဝဏ်လွှာပါ အကြောင်းအရာတွေဟာ အပြုသဘောဆောင်တာကြောင့် ဒေသခံ တိုင်းရင်းသားတွေအတွက် ကမန်တိုင်းရင်းသားတွေအနေနဲ့ ဝမ်းမြောက်ဝမ်းသာကြိုဆိုပေမယ့် ရခိုင်မျိုးနွယ်စု  ခုနစ်စုဖြစ်တဲ့ ရခိုင်၊ ကမန်၊ ခမီ၊ ဒိုင်းနက်၊ မြို၊ မရမာကြီး၊ သက်စတဲ့ တိုင်းရင်းသားမျိုးနွယ်စု ခုနစ်မျိုးရှိပေမယ့် ကမန်လူမျိုးစုကို ချန်လှပ်ခဲ့တာကြောင့် ကမန်တိုင်းရင်းသားတွေ အနေနဲ့များစွာ စိတ်မကောင်းဖြစ်မိတယ်လို့လည်း ဒီဇင်ဘာ ၁၈ ရက်နေ့က ကမန်အမျိုးသား တိုးတတ်ရေးပါတီ ထုတ်ပြန်ချက်မှာပါရှိပါတယ်။
 
ကမန်တိုင်းရင်းသားလူမှုကွန်ရက် အဖွဲ့ဝင်တွေကလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် သဝဏ်လွှာမှာ ကမန်တိုင်းရင်းသားတွေကို ချန်လှပ်တာဟာ ခွဲခြားဆက်ဆံသလို ဖြစ်တာကြောင့် ပြန်လည်ပြန်ဆင်ပေးဖို့လည်း ဒီဇင်ဘာ ၁၆ ရက်နေ့က ကြေညာချက်ထုတ်ပြန် တောင်းဆိုထားပါတယ်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org