ကမန်တွေကို နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခဲ့တဲ့အပေါ် လဝကဝန်ကြီး ပြောကြား

ရခိုင်ပြည်နယ် ကျောက်နီမော်ရွာမှာ ကမန်တိုင်းရင်းသားမဟုတ်တဲ့ အစ္စလာမ်ဘာသာဝင်တွေကို ကမန်တိုင်းရင်းသားတွေ အဖြစ် နိုင်ငံသားစိစစ်ရေးကတ်တွေ ထုတ်ပေးခဲ့တယ်ဆိုပြီး ကန့်ကွက်နေကြတဲ့ ကိစ္စကို ပြန်လည်စိစစ်ပြီး ရှင်းလင်းတင်ပြသွားမယ်လို့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးသိန်းဆွေက ပြောလိုက်ပါတယ်။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီး ဦးသိန်းဆွေ ကို တွေ့ရစဉ် Photo: Win Ko Ko Latt/RFA

ရခိုင်ပြည်နယ် ကျောက်နီမော်ရွာမှာ ကမန်တိုင်းရင်းသားမဟုတ်တဲ့ အစ္စလာမ်ဘာသာဝင်တွေကို ကမန်တိုင်းရင်းသားတွေ အဖြစ် နိုင်ငံသားစိစစ်ရေးကတ်တွေ ထုတ်ပေးခဲ့တယ်ဆိုပြီး ကန့်ကွက်နေကြတဲ့ ကိစ္စကို ပြန်လည်စိစစ်ပြီး ရှင်းလင်းတင်ပြသွားမယ်လို့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးသိန်းဆွေက ဒီနေ့ ပြောလိုက်ပါတယ်။

နေပြည်တော် သင်္ဂဟဟိုတယ်မှာ ဒီနေ့ကျင်းပတဲ့ အလုပ်သမားဈေးကွက် ပြုပြင်ပြောင်းလဲရေး အလုပ်ရုံဆွေးနွေးပွဲမှာ သတင်းထောက်တွေက ကမန်ကိစ္စအပေါ် မေးမြန်းရာမှာ ဝန်ကြီး ဦးသိန်းဆွေ က အခုလို ပြောပါတယ်။

“ဝန်ကြီးဌာနအနေနဲ့ အသေးစိတ် ပြန်လည်စိစစ်ပြီးတော့မှ ဥပဒေနဲ့အညီ ဆောင်ရွက်ထားခြင်းဖြစ်ကြောင်း ပြန်ပြီးတော့ ရှင်းလင်းတင်ပြမှာဖြစ်ပါတယ်”

အဲဒီလို နိုင်ငံသားကတ်ထုတ်ပေးခဲ့သူတွေဟာ ကမန်လူမျိုးမဟုတ်ဘူးဆိုပြီး ကမန်တိုင်းရင်းသားပါတီက ကန့်ကွက်ထားတဲ့အပေါ် ပြန်လည်စိစစ်သွားမှာဖြစ်သလို ဥပဒေနဲ့အညီ စနစ်တကျထုတ်ပေးခဲ့တာဖြစ်ကြောင်း ရှင်းလင်းတင်ပြမယ်လို့လည်း ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလက နေပြည်တော်က လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနက အထူးအဖွဲ့တစ်ခုဟာ ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာအုပ်စုက မွတ်စလင်တွေကို နိုင်ငံသား စိစစ်ရေးကတ်တွေ ထုတ်ပေးခဲ့တယ်ဆိုပြီး ရခိုင်ပြည်နယ်အတွင်းမှာ ကန့်ကွက်တာတွေ ရှိနေပါတယ်။

၂ဝ၁၅ ခုနှစ် နိုဝင်ဘာမှာကျင်းပခဲ့တဲ့ အထွေထွေ ရွေးကောက်ပွဲမှာ မှတ်ပုံတင်ရထားတဲ့ မဲပေးခွင့်ရသူ ကမန်တိုင်းရင်းသား ၂၉ဝ ကျော်ရှိခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ ကမန်လူမျိုးအမည်နဲ့ မှတ်ပုံတင် ထုတ်ပေးထားတာ လူဦးရေပေါင်း ၃၃ဝဝ ကျော်အထိရှိတဲ့အတွက် မွတ်စလင်တွေကို ထုတ်ပေးတာဆိုပြီး ကန့်ကွက်ကြတာလည်း ရှိပါတယ်။

အဲဒီကိစ္စအပေါ် ရခိုင်အမျိုးသားပါတီက ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တဦးက ရခိုင်ပြည်နယ် လွှတ်တော်မှာ အဆိုတင်ထားတာကို မကြာခင်မှာ ဆွေးနွေးကြမှာဖြစ်ပါတယ်။

 

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org