ကမန်တိုင်းရင်းသားအဖြစ် နိုင်ငံသားစိစစ်ရေးကတ်တွေ ထုတ်ပေးခဲ့တာကို အရေးယူပေးဖို့ တောင်းဆို
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာမှာ အစ္စလာမ်ဘာသာဝင်တွေကို ကမန်တိုင်းရင်းသားတွေအဖြစ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနက နိုင်ငံသားစိစစ်ရေးကတ်တွေ ထုတ်ပေးခဲ့တာကို ဒေသခံရခိုင်နဲ့ ကမန် အမျိုးသားတိုးတက်ရေးပါတီ ရခိုင်အမျိုးသားကွန်ရက်တို့ ပူးပေါင်းပြီး ဒီလုပ်ငန်းစဉ်မှာ မသမာမှုတွေရှိနိုင်တဲ့အတွက် အရေးယူပေးဖို့ ကြေညာချက်တစ်စောင် ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။
-
2018-09-18 -
-
-
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာမှာ အစ္စလာမ်ဘာသာဝင်တွေကို ကမန်တိုင်းရင်းသားတွေ အဖြစ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနက နိုင်ငံသားစိစစ်ရေးကတ်တွေ ထုတ်ပေးခဲ့တာကို ဒေသခံရခိုင်နဲ့ ကမန် အမျိုးသားတိုးတက်ရေးပါတီ ရခိုင်အမျိုးသားကွန်ရက်တို့ ပူးပေါင်းပြီး ဒီလုပ်ငန်းစဉ်မှာ မသမာမှုတွေရှိနိုင်တဲ့အတွက် အရေးယူပေးဖို့ ကြေညာချက်တစ်စောင် ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။
ကြေညာချက်မှာ အချက် ၇ ချက်ပါဝင်ပြီး ဒီမသမာမှုတွေကို အစိုးရအနေနဲ့ အရေးယူဆောင်ရွက်ပေးဖို့ တိုက်တွန်းတောင်းဆိုခဲ့ပါတယ်။
"ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာနေ ကမန်တိုင်းရင်းသား မျိုးနွယ်စု မဟုတ်ကြသော တခြားအစ္စလာမ် ဘာသာဝင်များကို ကမန်တိုင်းရင်းသား အမည်ဖြင့် နိုင်ငံသားစိစစ်ရေးကတ် ရယူထားခြင်းအား နိုင်ငံတော် အစိုးရအနေဖြင့် ပြန်လည်စိစစ်ပြီး မသမာမှု ပြုလုပ်ထားသူများကို ဖော်ထုတ်ကာ ထိရောက်စွာ အရေးယူပေးစေလိုကြောင်း ယနေ့သတင်းစာရှင်းလင်းပွဲမှ ပူးတွဲကြေညာချက် ထုတ်ပြန်ပါသည်။"
ကမန်အမျိုးသားပါတီနဲ့ ရခိုင်အမျိုးသားကွန်ရက်တို့ ပူးပေါင်းပြီး မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးခန်းမှာ ဒီကနေ့ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ရာမှာ ၂၀၁၂ ခုနှစ် ရခိုင်ပြည်နယ်ပြဿနာမှာ လူဝင်မှုကြီးကြပ်ရေးဌာနအနေနဲ့ နိုင်ငံသားဖြစ်မှုအပေါ် ပွင့်လင်းမြင်သာမှု မရှိခဲ့ကြောင်း၊ အစ္စလာမ်ဘာသာဝင်တိုင်းဟာ ကမန်လူမျိုးများ မဟုတ်ကြောင်း၊ အထောက်အထား ပြည့်စုံမှုမရှိဘဲ နိုင်ငံသားစိစစ်ရေးကတ် ထုတ်ပေးလိုက်တာဟာ လိမ်လည် ရရှိခဲ့တာသာဖြစ်ကြောင်း၊ သက်ဆိုင်ရာဌာနတွေအနေနဲ့ ပွင့်လင်းမြင်သာအောင် ပြန်လည်စိစစ်ပေးဖို့လိုကြောင်း တောင်းဆိုခဲ့ကြပါတယ်။
နေပြည်တော်က လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန တာဝန်ရှိသူတွေက ပြီးခဲ့တဲ့ သြဂုတ်လကုန်ပိုင်းက ကျောက် နီမော်ကျေးရွာကို ရောက်လာပြီး ကမန်လူမျိုးမဟုတ်တဲ့ အစ္စလာမ်ဘာသာဝင် စုစုပေါင်း သုံးထောင့်သုံးရာကျော်ကို ကမန်တိုင်းရင်းသားတွေအဖြစ် နိုင်ငံသားစိစစ်ရေးကတ်တွေ ထုတ်ပေးခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။
RFA အနေနဲ့ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန တာဝန်ရှိသူတွေဆီကို ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ပြန်လည် ဖြေကြားခြင်း မရှိခဲ့ပါဘူး။
လက်ရှိမြန်မာနိုင်ငံမှာ ကမန်လူမျိုး တိုင်းရင်းသား ၄ သောင်းနီးပါးရှိပြီး မှတ်ပုံတင်ထုတ်ပေးနေတဲ့ ကျောက်နီမော်ကျေးရွာဟာ လုံခြုံရေးအရ ကန့်သတ်ထားတဲ့ နယ်မြေဒေသ ဖြစ်ပါတယ်။