ကမာရွတ်မှာ စစ်ကောင်စီသတင်းပေးဆိုသူတစ်ယောက် သေနတ်နဲ့ပစ်သတ်ခံရ

ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ် (၃) ရပ်ကွက်၊ ခြံအမှတ် (၁၇) က စစ်ကောင်စီရဲ့ သတင်းပေးဆိုသူ ဦးတင်လှ ဟာ ဒီနေ့ ဩဂုတ်လ ၁၇ ရက် မနက် ၅ နာရီဝန်းကျင်က သေနတ်နဲ့ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
ဦးတင်လှဟာ ကမာရွတ်မြို့နယ်၊ ဆင်မလိုက်ဘက်ကနေ (၃) ရပ်ကွက် ခြံအမှတ် ၁၇ ကို မနက် ၅ နာရီဝန်းကျင်က ပြန်လာခဲ့ပြီး ခြံဝန်းထဲအရောက်မှာ နဖူးတည့်တည့်ကို ပစ်ခတ်ခံလိုက်ရတာဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ဆိုပါတယ်။
"ကျွန်တော်တို့ သိရတာကတော့ သူက ကြံ့ဖွံ့ အမာခံပါ။ သူ့တူကလည်း စစ်တပ်ထွက်ပေါ့။ စကစ ဘက်က သတင်းမှာတော့ အရန်မီးသတ်တပ်ဖွဲ့ဝင်လို့ ရေးထားပါတယ်"
ဒီလိုပစ်ခတ်မှုပြီးတဲ့နောက် မနက် ၈ နာရီမှာ စစ်သားနဲ့ ရဲအင်အား ၃၀ ကျော် စစ်ထရပ်ကားတစ်စီး၊ ဒယ်ဗယ်ကပ်ကား ငါးစီး၊ အိမ်စီးကား တစ်စီးတို့နဲ့ ဝင်ရောက်စစ်ဆေးတာတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။
နေ့လယ် ၃ နာရီ လောက်မှာတော့ ရွှေထန်းပင် ကွန်ဒိုမျက်စောင်းထိုးမှာ ဖြတ်သွားတဲ့ လူငယ်တစ်ယောက်ကို ဒယ်ဗယ်ကပ်ကား တစ်စီးက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံက ဆိုပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက် ရန်ကုန်မြို့အပါအဝင် မြန်မာနိုင်ငံ ဒေသအနှံ့အပြားမှာ စစ်သား၊ ရဲ၊ စစ်ကောင်စီက ခန့်ထားတဲ့ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးနဲ့ သတင်းပေးဆိုသူတွေဟာ သတ်ဖြတ်တာ ခံနေရပါတယ်။