ကနန်ရွာ လေကြောင်းတိုက်ခိုက်မှု စစ်ရာဇဝတ်မှုအဖြစ် စုံစမ်းဖို့လိုကြောင်း AI အဖွဲ့ပြော

တမူးမြို့နယ် ကနန်ကျေးရွာမှာ ကလေးငယ်ကိုးဦး အပါအဝင် အရပ်သား ၁၇ ဦးသေဆုံးခဲ့တဲ့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကို စစ်ရာဇဝတ်မှုအဖြစ် စုံစမ်းဖို့လိုအပ်တယ်လို့ (Amnesty International) က ဒီနေ့ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ် လေကြောင်းသုံးတိုက်ခိုက်ခဲ့သည့် စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ခါမ်းပါတ်မြို့အနီး ကနန်ရွာမှ အဆောက်အအုံတစ်ခုအား ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်နေ့က တွေ့ရစဉ်။ Citizen Journalist

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ် ကနန်ကျေးရွာမှာ ကလေးငယ် ကိုးဦး အပါအဝင် အရပ်သား ၁၇ ဦးသေဆုံးခဲ့တဲ့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကို စစ်ရာဇဝတ်မှုအဖြစ် စုံစမ်းဖို့လိုအပ်တယ်လို့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) က ဖေဖော်ဝါဝါရီ ၈ ရက် ဒီနေ့ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၇ ရက်နေ့မနက်ပိုင်း ကနန်ကျေးရွာ လေကြောင်းတိုက်ခိုက်မှုမှာ လူနှစ်ဆယ်ကျော် ဒဏ်ရာရရှိခဲ့တယ်လို့လည်းဆိုပါတယ်။

အဲဒီလေကြောင်းတိုက်ခိုက်မှုကို စစ်ရာဇဝတ်မှုအဖြစ် စုံစမ်းစစ်ဆေးဖို့လိုအပ်တယ်လို့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ ညွှန်ကြားရေးမှူး Matt Wells ကပြောပါတယ်။

“ဒီတိုက်ခိုက်မှုတွေကို စစ်ရာဇဝတ်မှုအနေနဲ့ စုံစမ်းဖို့လိုအပ်ပါတယ်။ ကုလလုံခြုံရေး ကောင်စီကလည်း မြန်မာနိုင်ငံရဲ့ အခြေအနေကို နိုင်ငံတကာ ရာဇဝတ်ခုံရုံးကို လွှဲပြောင်းသင့်ပါတယ်။ ဒီရာဇဝတ်မှုတွေ ကျူးလွန်သူတွေကို နိုင်ငံတကာ ဥပဒေအောက်မှာ တရားစီရင်ဖို့လိုအပ်ပါတယ်”

လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားတဲ့မနက်က အဲဒီနေရာမှာ လေကြောင်းတွေ မပျံသန်းဘူးလို့ မြန်မာစစ်တပ်က ငြင်းဆိုထားပေမယ့် ဗီဒီယိုမှတ်တမ်းတွေကို ပြန်လည်ကြည့်ရှုရာမှာ A-5 ဂျက်တိုက်လေယာဉ်တစ်စင်း ပျံသန်းနေတာတွေ့ရတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

တရုတ်က တင်သွင်းထားတဲ့ A-5 ဂျက်တိုက်လေယာဉ်တွေကို မြန်မာနိုင်ငံမှာ စစ်တပ်ကသာ အသုံးပြုတယ်လို့လည်းဆိုပါတယ်။

ကနန်ရွာမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးကိုးဦး အပါအဝင် ၁၇ ဦးသေဆုံးခဲ့ပြီး ဒီကိစ္စမှာ ကျူးလွန်သူ၊ အမိန့်ပေးသူ အပါအဝင် တာဝန်ရှိသူတွေကို အရေးယူအပြစ်ပေးနိုင်ဖို့ ဆောင်ရွက်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း ဇန်နဝါရီ ၉ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

RFA ကပြုစုထားတဲ့စာရင်းတွေအရ စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်ကနေ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလကုန်အထိ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် အရပ်သား ၁၂၀၀ ကျော်သေဆုံးခဲ့ပြီး ၂၃၀၀ ကျော်ဒဏ်ရာရရှိခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org