ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့ ထွေအုပ်ရုံး ဗုံးခွဲတိုက်ခိုက်ခံရပြီး နှစ်ဦးသေဆုံး
2023.01.23

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့က အထွေအထွေအုပ်ချုပ်ရေးမှူးရုံးကို ဇန်နဝါရီလ ၂၁ ရက်နေ့က လက်ပစ်ဗုံးနဲ့ပစ်ပြီး မိုင်းဆွဲတိုက်ခိုက်တာကြောင့် ပျူစောထီးအဖွဲ့ဝင် နှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ လင်းယုန်နီအဖွဲ့က RFA ကို ဒီနေ့ ပြောပါတယ်။
စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲအတွက် လူဦးရေစာရင်းကောက်ယူဖို့ ပြင်နေချိန် ဟန့်တားတိုက်ခိုက်ခဲ့တာလို့ ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
“အဓိကတော့ တစ်အိမ်တက်၊ တစ်အိမ်ဆင်း လူဦးရေကောက်ယူဖို့ လုပ်တာကို ဟန့်တားတဲ့အနေနဲ့ လုပ်တာပါ။ ရုံးကို လက်ပစ်ဗုံးနဲ့ပစ်ပြီး မိုင်းထောင်ထားတဲ့နေရာကို မျှားခေါ်တိုက်ခိုက်တာပေါ့နော်။ အဲဒီမှာ သုံးဦး ဒဏ်ရာရတယ်။ အဲဒီအထဲက နှစ်ဦးက နောက်တစ်ရက်မှာ သေသွားတယ်”
ဇီးကုန်း ထွေအုပ်ရုံးကို လုံခြုံရေးယူထားတဲ့ စစ်ကောင်စီတပ်ဘက်ကလည်း ပြန်လည် ပစ်ခတ်ခဲ့ပေမယ့် လင်းယုန်နီတပ်ဖွဲ့ဘက်က အထိအခိုက် မရှိခဲ့ဘူးလို့လည်း သူက ဆိုပါတယ်။
စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရ တိုင်းလူမှုရေးဝန်ကြီး ဦးအေးလှိုင်ကတော့ ဇီးကုန်း ဖြစ်စဉ်ကို သူ မသိသေးပေမယ့် လူဦးရေစာရင်း ကောက်နေတာဟာ ပြည်သူအတွက် လုပ်နေတာလို့ RFA ကို ပြောပါတယ်။
“ဇီးကုန်းဖြစ်စဉ်တော့ ကျနော် သေချာ မသိသေးဘူး။ သူတို့တွေးတာက မှားနေတယ်။ မြေပြင်လူဦးရေ စာရင်းကောက်တယ်ဆိုတာ ပြည်သူတွေကို နောက်ပိုင်းမှာ စမတ်ကတ် တွေ ထုတ်ပေးဖို့လုပ်ငန်းကို အဓိက ထားပြီး သွားတာ။ ဒါတွေမှန်သွားရင် မဲစာရင်းတွေ လည်း မှန်သွားမှာပေါ့နော်။ အခုလုပ်ငန်းက ပြည်သူအတွက် လုပ်နေတာ”
စစ်ကောင်စီအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ကလည်း မြန်မာနိုင်ငံမှာ ၂၀၁၄ ခုနှစ်က လူဦးရေ သန်းခေါင်စာရင်း ကောက်ယူခဲ့ပြီး အခု ၁၀ နှစ်အကြာ လာမယ့် ၂၀၂၄ ခုနှစ်မှာ လူဦးရေ သန်းခေါင်စာရင်း မဖြစ်မနေ ကောက်ယူရမှာဖြစ်တယ်လို့ ဇန်နဝါရီ ၂၀ ရက် နေပြည်တော်မှာလုပ်တဲ့ လူဦးရေသန်းခေါင်စာရင်း ကောက်ယူမှု ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးမှာ ပြောခဲ့ပါတယ်။
စစ်ကောင်စီဟာ အချိုးကျကိုယ်စားပြုစနစ် (PR) နဲ့ ရွေးကောက်ပွဲလုပ်မယ်လို့ ပြောဆိုထား ပြီး ဇန်နဝါရီလ ၉ ရက်နေ့ကစလို့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လူဦးရေစာရင်း ကောက်ယူ နေတာပါ။
၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ၊ ကရင်အမျိုးသားအစည်းအရုံး (KNU) အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကတော့ စစ်တပ်က ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ဖျက်သိမ်းပြီး နောက်ထပ် ရွေးကောက်ပွဲအသစ် ထပ်လုပ်ဖို့၊ အာဏာဆက်ယူဖို့ ကြိုးစားနေတဲ့အတွက် လုံးဝ လက်မခံကြောင်းနဲ့ ရွေးကောက်ပွဲအကြို လူဦးရေစာရင်း ကောက်ယူမှုတွေကို ဆန့်ကျင်သွားမယ့်အကြောင်း ဇန်နဝါရီလဆန်းကစလို့ ကြေညာချက်တွေအသီးသီး ထုတ်ပြန်ထားပါတယ်။
ပဲခူးတိုင်း ကြို့ပင်ကောက်မြို့နယ်က လူဦးရေစာရင်းပြုစုနေတဲ့ အထွေထွေ အုပ်ချုပ်ရေးမှူးရုံးကိုလည်း ဇန်နဝါရီလ ၂၀ ရက်ညပိုင်းက မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်သုံးဦး ဒဏ်ရာရခဲ့တယ်လို့ Bago Region PDF က ထုတ်ပြန်ပါတယ်။
RFA က ပြုစုထားတဲ့စာရင်းအရ စစ်ကောင်စီ အိမ်ထောင်စုလူဦးရေစာရင်း စတင် ကောက်ယူတဲ့ ဇန်နဝါရီလ ၉ ရက်ကနေ ဒီနေ့ ဇန်နဝါရီ ၂၃ ရက်နေ့အထိ နှစ်ပတ်ကျော် အတွင်း လူဦးရေစာရင်းကောက်ယူတဲ့ အဖွဲ့တွေနဲ့ ထွေအုပ်ရုံးတွေကို ပစ်မှတ်ထား တိုက်ခိုက်မှု (၂၈) ကြိမ်ရှိခဲ့ပြီး ရဲနဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူး အပါအဝင် ခုနစ်ဦး သေဆုံး ခဲ့ပါတယ်။
စစ်ကောင်စီရဲ့ ဇန်နဝါရီ ၂၃ ရက် ဒီနေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာလည်း အကြမ်းဖက်အဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် တိုင်းနဲ့ ပြည်နယ်အသီးသီးက မြို့နယ်နဲ့ ခရိုင်ရွေးကောက်ပွဲကော်မရှင်ရုံး ၁၃ ခု ထိခိုက်ပျက်စီးခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီက ရွေးကောက်ပွဲလုပ်မယ့်ရက်ကို အတိအကျ မကြေညာသေးပေမယ့် လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအရ ၂၀၂၃ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်း နှစ်နှစ်ပြည့်ချိန်ကနေ နောက်ထပ် ခြောက်လအတွင်း မှာ မဖြစ်မနေ ရွေးကောက်ပွဲအသစ်လုပ်ဖို့ ပြဋ္ဌာန်းထား ပါတယ်။