ကနီမှာ စစ်တပ်ရဲ့ နှိပ်စက်မှုကြောင့် တစ်ဦးသေဆုံး၊ ၁၄ ဦး ဒဏ်ရာရ
ဇွန်လ ၁၉ ရက် ပြီးခဲ့တဲ့ စနေနေ့က စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် ကျေးရွာအချို့မှာ စစ်တပ်နဲ့ ပျူစောထီးအဖွဲ့ဝင်တွေ က ဒေသခံ ၁၅ ယောက်ကို ဓားနဲ့မွှန်း တုတ်နဲ့ ရိုက်ပြီး နှိပ်စက်ညှဉ်းပန်းရုံမက သေနတ်နဲ့ပါ ပစ်ခတ်ခဲ့တာကြောင့် ရွာသားတစ်ဦး သေဆုံးပြီး၊ အခြား ၁၄ ဦး ဒဏ်ရာရခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတွေက RFA ကို ပြောပါ တယ်။
- 2021-06-21
-
-
-
ဇွန်လ ၁၉ ရက် ပြီးခဲ့တဲ့ စနေနေ့က စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် ကျေးရွာအချို့မှာ စစ်တပ်နဲ့ ပျူစောထီးအဖွဲ့ ဝင်တွေက ဒေသခံ ၁၅ ယောက်ကို ဓားနဲ့မွှန်း တုတ်နဲ့ရိုက်ပြီး နှိပ်စက်ညှဉ်းပန်းရုံမက သေနတ်နဲ့ပါ ပစ်ခတ်ခဲ့ တာကြောင့် ရွာသားတစ်ဦး သေဆုံးပြီး၊ အခြား ၁၄ ဦး ဒဏ်ရာရခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတွေက RFA ကို ပြောပါတယ်။
သေဆုံးသူနဲ့ နှိပ်စက်ညှဉ်းပန်းခံရသူတွေဟာ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် ကင်းစံပြကျေးရွာနဲ့ မိချောင်းတွင်း ရွာက အသက် ၇၀ ကျော်အရွယ် အဘိုးအဘွားတွေနဲ့ အမျိုးသမီးတွေ အပါအဝင် စုစုပေါင်း ၁၅ ဦးဖြစ်ပြီး၊ အဲဒီ ရွာတွေမှာ တူမီးသေနတ်ကိုင်တဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ရှိနေတယ်လို့ မြဝတီရုပ်သံကနေ သတင်း ထုတ်လွှင့်ခဲ့ပြီးတဲ့နောက် ရွာတွေကို အလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
ပစ်ခတ်ခံရလို့ သေဆုံးသူဟာ ကနီမြို့နယ်၊ မိချောင်းတွင်းရွာက အသက် (၅၀) အရွယ် ဦးစိန်မင်း ဖြစ်ပါတယ်။
သူ့ရဲ့ရုပ်အလောင်းကို စစ်တပ်က ပြန်ကောက်သွားတာကြောင့် အခုထိ အလောင်းပြန်မရသေးဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကင်းရွာ ဒေသခံတစ်ယောက်က RFA ကို ပြောပါတယ်။
“ဓားနဲ့မွန်းခံရတဲ့အထဲ နှစ်ယောက်က ဆေးကုနေရတယ်။ အခြေနေက ပြောလို့မရသေးဘူး။ သေဆုံးခဲ့ တဲ့သူက မိချောင်းတွင်းရွာက၊ ရေကန်ကို ရေခပ်သွားတာကို ပထမခြေထောက်ကို ပစ်ထားခဲ့ပြီး ရွာထဲကို ပတ်နေကြတဲ့အချိန် ဆေးအဖွဲ့က ကြားကြားချင်း သွားကုပေးတယ်။ စစ်သားတွေ နောက်တစ်ခေါက် ပြန်လာတော့ ဆေးအဖွဲ့ကလည်း ထွက်ပြေးသွားကြတယ်။ အဲဒါကို ဆေးကုပြီး နားနေသူကို ထပ်ပြီး ပစ်သတ်သွားတာ။ အလောင်းဘေးမှာ တူမီးသေနတ်ရှေ့ချထား ဓာတ်ပုံရိုက်ပြီး မြဝတီသတင်းဌာနကနေ သတင်းမှားတွေလွှင့်နေတာ။ သေဆုံးသူက အသက်လည်းကြီးပြီ၊ PDF ထဲလည်း မပါပါဘူး”
စစ်ကောင်စီတပ်တွေဟာ ဒီရက်ပိုင်းတွေမှာ ဒေသခံကာကွယ်ရေးတပ်တွေ အားကောင်းတဲ့ ကနီ၊ ယင်းမာပင်နဲ့ မင်းကင်းမြို့နယ်ထဲက ကျေးရွာတွေကို နေ့စဉ်နီးပါး ဝင်ရောက်ရှာဖွေစစ်ဆေးပြီး ရွာသားတွေရဲ့ အဖိုးတန် ပစ္စည်းတွေကိုလည်း ယူသွားလေ့ရှိတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကနီ ဒေသခံတစ်ယောက်က RFA ကို ပြောပါတယ်။
“ဒီဘက်ကဒေသခံတွေက ရိုးသားကြတယ်။ ဒီမိုကရေစီခေတ်မှာ ရွာတွေက ဖွံ့ဖြိုးခဲ့တော့ ဒီမိုကရေစီကို အရမ်းလိုလားကြတယ်။ အဲဒါကို စစ်ကောင်စီက ဘာမှမဆိုင်တဲ့ အမျိုးသမီးတွေ၊ အသက်ကြီးတဲ့သူတွေကို ရိုက်နှက်တာ၊ ပစ္စည်းတွေလုတာ၊ အိမ်တွေဖျက်စီးတာတွေ လုပ်ကြတော့ မခံနိုင်ကြလို့ တော်လှန်ကြတာ”
အခုဆိုရင် ကနီနဲ့ မင်းကင်းနယ်ဘက်တွေမှာ စစ်တပ်ထောက်ခံတဲ့ ပျူစောထီးအဖွဲ့ဝင်တွေက စစ်ဝတ်စုံတွေ ဝတ်ဆင်ပြီး၊ စစ်သားတွေကတော့ အရပ်သား ပုံစံနဲ့ ရွာတွေကို မျက်ခြေမပြတ် လှည့်ပတ်စောင့်ကြည့်နေ တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ ဇွန်လ ၂၁ ရက်နေ့မှာလည်း စစ်တပ်က ယင်းမာပင်မြို့နယ် ဘန့်ဘွေးကျေးရွာနဲ့ အနီးတဝိုက်ရွာတွေကို ဝင်ရောက်ရှာဖွေ စစ်ဆေးနေတာကြောင့် ဒေသခံတွေ ရှောင်နေကြရတယ်လို့ ပြောပါတယ်။
ကနီမြို့နယ်ဟာ စစ်ကောင်စီကို တူမီးသေနတ်နဲ့ ပြန်လည်ခုခဲ့တဲ့နယ်မြေဖြစ်လို့ စစ်ကောင်စီဘက်ကလည်း ချင်းတွင်းမြစ်တွင်းက ရေယာဉ်တွေကို အသုံးပြုပြီး တိုက်ခိုက်တာ၊ ကုန်းကြောင်းကနေ ဝင်ရောက်တိုက်ခိုက် တာတွေနဲ့ ဒရုန်းတွေ၊ စစ်ရဟတ်ယာဉ်တွေသုံးပြီး စောင့်ကြည့်တိုက်ခိုက်တာတွေ လုပ်နေကြောင်း လုံခြုံရေး အရ အမည်မဖော်လိုတဲ့ ကနီဒေသခံတွေက ပြောပါတယ်။
ဒေသခံတွေရဲ့ ပြောဆိုချက်နဲ့ပတ်သက်ပြီး သီးခြားအတည်ပြုနိုင်ဖို့အတွက် RFA က စစ်ကောင်စီပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဖုန်းခေါ်ခဲ့ပေမယ့် လက်ခံဖြေကြားတာမျိုး မရှိပါဘူး။