ကံမမြို့နယ် ရိုးမတောထဲက စစ်ကောင်စီဆန့်ကျင်သူတွေရဲ့ စခန်းတစ်စု စီးနင်းခံရ
မကွေးတိုင်း သရက်ခရိုင် ကံမမြို့နယ်ထဲက စစ်ကောင်စီကို ဆန့်ကျင်သူတချို့ တိမ်းရှောင်နေကြတဲ့ စခန်းတစ်ခုဟာ စစ်ကောင်စီတပ်တွေရဲ့ စီးနင်းတာခံရပြီး အဲဒီစခန်းကို လုံခြုံရေးယူပေးတဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
- 2022-01-15
-
-
-
မကွေးတိုင်း သရက်ခရိုင် ကံမမြို့နယ်ထဲက စစ်ကောင်စီကို ဆန့်ကျင်သူတချို့ တိမ်းရှောင်နေကြတဲ့ စခန်း တစ်ခုဟာ စစ်ကောင်စီတပ်တွေရဲ့ စီးနင်းတာခံရပြီး အဲဒီစခန်းကို လုံခြုံရေးယူပေးတဲ့ ဒေသခံ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇန်နဝါရီ ၁၄ ရက် မနေ့မနက်က ကံမမြို့နယ် ကြို့ပင်ရွာအနောက်ဘက် ရခိုင်ရိုးမရဲ့ တောတွင်းတစ်နေရာက အဲဒီစခန်း ဝင်ရောက်စီးနင်းခံရတာလို့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
“အဲဒီစခန်းမှာက စစ်ကောင်စီရန်ကို ကြောက်လို့ ရှောင်နေတဲ့ သူတွေနေတဲ့စခန်း။ PDF တွေလည်းရှိတယ်။ သူတို့စခန်းကို PDF တွေက လုံခြုံရေး ယူပေးထားတာ။ ဝင်းစီးခံရတော့ သေတဲ့သူတွေလည်း ရှိတယ်။ အဖမ်းခံရတဲ့သူတွေလည်း ရှိတယ်။ လွတ်တဲ့သူတွေလည်း လွတ်သွားတယ် ”
သေဆုံးခဲ့သူ PDF တပ်ဖွဲ့ဝင် နှစ်ဦးကတော့ အသက် ၂၅ နှစ်အရွယ် မောင်နိုင်နဲ့ နဲ့ အသက် ၂၀ အရွယ် ဆလိုင်းစံတို့ ဖြစ်ပြီး နောက်ထပ် အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီး တစ်ဦးလည်း ဖမ်းဆီးခံလိုက်ရတယ်လို့ ဆိုပါတယ်။
အဲဒီစခန်းထဲမှာ လူဦးရေ နှစ်ဆယ်ကျော်လောက်ရှိပြီး ကံမမြို့နယ်ထဲက စစ်ကောင်စီ တပ်တွေရဲ့ ပစ်မှတ်ထား ဖမ်းဆီးမှာကို ကြောက်လို့ မိသားစုတွေအလိုက် လာရောက် တိမ်းရှောင်နေကြတာလို့ ပြောပါတယ်။
ဒါ့အပြင် တူမီးသေနတ် ၈ လက်နဲ့ လက်လုပ်မိုင်းလုပ်ရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတချို့ကိုလည်း စစ်ကောင်စီက သိမ်းဆည်းသွားပါတယ်။
ရိုးမတောထဲက အဲဒီနေရာ အနီးတစ်ဝိုက်မှာ တရားမဝင် သစ်မှောင်ခို လုပ်သူတွေရှိပြီး တရားမဝင်သစ်တွေ တန်ရာနဲ့ချီပြီး စုပုံထားတဲ့ နေရာဖြစ်တာကြောင့် သစ်မှောင်ခိုသမားတွေက သတင်းပေးတိုင်ခဲ့တာလို့ သူကဆိုပါတယ်။
ဒီဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ RFA က သီးခြားအတည် မပြုနိုင်သေးသလို စစ်ကောင်စီ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဆက်သွယ်ဖို့ကြိုးစားနေပါတယ်။
အဲဒီစခန်း ဝင်ရောက်စီးနင်း ခံရပြီးနောက်ပိုင်း ကြို့ပင်ရွာနဲ့ စီရွာတို့က ဒေသခံ ခြောက်ဦး ကိုလည်း PDF တပ်တွေကို ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။