တရုတ်နဲ့ကုန်သွယ်ရေးမြှင့်တင်ဖို့ ကန်ပိုင်တီ နယ်စပ်ကုန်သွယ်ရေးဇုန်အဖြစ် တိုးမြှင့်မည်
ကချင်ပြည်နယ် ကန်ပိုင်တီ နယ်စပ်ကုန်သွယ်ရေးဂိတ်ကို ကုန်သွယ်ရေးဇုန်အဖြစ် အခုနှစ် ဒီဇင်ဘာလကုန်ပိုင်းမှာ အဆင့်မြှင့်တင်သွားမယ်လို့ ပြည်နယ် ဘဏ္ဍာအခွန် စီမံကိန်းနဲ့ စီးပွားရေးဝန်ကြီး ဦးဝေလင်းက RFA ကို ပြောပါတယ်။
-
2018-11-08 -
-
-
ကချင်ပြည်နယ် ကန်ပိုင်တီ နယ်စပ်ကုန်သွယ်ရေးဂိတ်ကို ကုန်သွယ်ရေးဇုန်အဖြစ် အခုနှစ် ဒီဇင်ဘာလကုန်ပိုင်းမှာ အဆင့်မြှင့်တင်သွားဖို့ရှိတဲ့အတွက် နယ်စပ်ခရီးသွားလုပ်ငန်းတွေ တိုးတက်လာပြီး ပို့ကုန်၊ သွင်းကုန် တိုးလာဖို့ ရှိတယ်လို့ ပြည်နယ် ဘဏ္ဍာအခွန် စီမံကိန်းနဲ့ စီးပွားရေးဝန်ကြီး ဦးဝေလင်းက RFA ကို ပြောပါတယ်။
ကန်ပိုင်တီ နယ်စပ်ကုန်သွယ်ရေး ဂိတ်စခန်းဟာ တရုတ်နိုင်ငံယူနန်ပြည်နယ် ထိန်ချုံး ဟုန်ချောင်ဂိတ်နဲ့ ဆက်စပ်နေ တာဖြစ်ပြီး ထိန်ချုံးမြို့နဲ့ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး ပြုလုပ်နေတာဖြစ်တယ်။
ဒီဂိတ်ကို အဆင့်မြှင့်တင်လိုက်တဲ့အတွက် ကန်ပိုင်တီမြို့ထဲမှာ Free ဇုန်အဖြစ် သတ်မှတ်ပြီး ပို့ကုန်ပစ္စည်းတွေကို ကြိုတင်ငွေကောက်ခံမှုတွေမလုပ်ဘဲ လွတ်လွတ်လပ်လပ် သယ်ယူဆောင်ရွက်နိုင်မှာဖြစ်သလို၊ ကချင်ပြည်နယ် ခရီးသွားလုပ်ငန်းတွေ တိုးတက်လာစေရေးနဲ့ ပို့ကုန်၊ သွင်းကုန် တိုးလာစေရေး ဆောင်ရွက်နိုင်မှာဖြစ်တယ်လို့ ဝန်ကြီး ဦးဝေလင်းက ပြောပါတယ်။
ကန်ပိုင်တီ ဂိတ်စခန်းမှာ နယ်စပ်က ဝင်လာတဲ့ သွင်းကုန်ပို့ကုန်တွေကို အကောက်ခွန်ဥပဒေ၊ သွင်းကုန်ပို့ကုန် ဥပဒေအရ တရာဝင်မှုရှိ မရှိ စိစစ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
အဲဒီလိုစိစစ်ဆောင်ရွက်နေပေမဲ့ တချို့တရားမဝင်မှောင်ခိုတင်သွင်း၊ တင်ပို့တာတွေရှိနေတယ်လို့ သိရပါတယ်။
မြန်မာဘက်ကနေ စပါးခွံ၊ ပြောင်းဖူး၊ ဌက်ပျော၊ ဖရဲ စတဲ့ စားသောက်ကုန်တွေ တင်ပို့ပြီး တရုတ်ဘက်က လူသုံးကုန်ပစ္စည်း၊ စားသောက်ကုန်အမျိုးမျိုး၊ ဓာတ်မြေသြဇာ၊ ဆောက်လုပ်ရေးပစ္စည်း၊ မော်တော်ဆိုင်ကယ် စတဲ့ကုန်တွေကို တင်သွင်းနေတာဖြစ်ပါတယ်။
ကန်ပိုင်တီ နယ်စပ်ကုန်သွယ်ရေးဂိတ်ကနေ ၂၀၁၇ -၂၀၁၈ ဘဏ္ဍာရေးနှစ်အတွက် ပို့ကုန်တန်ဖိုး အမေရိကန် ဒေါ်လာ ၈၅.၉၂၉သန်းနဲ့ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၃၀.၇၁၇သန်းရှိတယ်လို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ အစီရင်ခံစာအရ သိရပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မအဲလိဇဘက် ပေးပို့တာပါ။