တိုက်ပွဲကြောင့် မြန်မာ-တရုတ်နယ်စပ် ကန်ပိုက်တီမှာ ကုန်ကားနှစ်ရာကျော် ပိတ်မိ

မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်ရေးလမ်းဖြစ်တဲ့ ဝိုင်းမော်- ကန်ပိုက်တီလမ်းပေါ် တိုက်ပွဲဖြစ်နေတာကြောင့် ကန်ပိုက်တီမြို့မှာ ကုန်ကားအစီးနှစ်ရာကျော် ပိတ်မိနေပါတယ်။

မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်ရေးလမ်းဖြစ်သည့် ဝိုင်းမော်- ကန်ပိုက်တီလမ်းပိုင်း တစ်နေရာအား ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်နေ့က တွေ့ရစဉ်။ Voice of Myanmar Photo

ကချင်ပြည်နယ်က မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်ရေးလမ်းဖြစ်တဲ့ ဝိုင်းမော်- ကန်ပိုက်တီလမ်းပေါ် တိုက်ပွဲဖြစ်နေတာကြောင့် ကန်ပိုက်တီမြို့မှာ ကုန်ကားအစီးနှစ်ရာကျော် ပိတ်မိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆဒုံးဗျူဟာကုန်းနဲ့ နယ်စပ်ကုန်သွယ်ရေးလမ်းပေါ်က စစ်ကောင်စီတပ်စခန်းတွေကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က ဇွန်လ ၁၁ ရက်ကစလို့ တပြိုင်နက် တိုက်ခိုက်ခဲ့ပါတယ်။

အဲဒီတိုက်ပွဲကြောင့် ကားလမ်းပိတ်သွားတာဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ကုန်သွယ်ရေးတွေ အကုန်ရပ်နေပြီ။ KIA တွေ သိမ်းထားတဲ့ ၁၉ မိုင် လမ်းမဖွင့်သေးဘူး။ ကန်ပိုက်တီမှာက ကုန်ကား ၂၀၀ ကျော်လောက် ပိတ်မိနေတယ်။ အဓိက ဆီကားတွေ ပိတ်နေတာ။ အခုက ဟိုဘက်ကလည်း မသွားဘူး။ ဒီ ကန်ပိုက်တီကလည်း ဆင်းမရဘူးဖြစ်နေတယ်”

လဖိုင်ရွာ စစ်ကောင်စီတပ်စခန်း၊ ဆဒုံးမြို့၊ ဘွမ်တောင် တပ်စခန်း၊ ၁၉ မိုင်ဂိတ် တပ်စခန်းတွေ အပါအဝင် ကန်ပိုင်တည် ကုန်သွယ်ရေးလမ်းပေါ်က တပ်စခန်း ၁၀ ခုကျော်ကို KIA က သိမ်းယူထားပါတယ်။

ဒါနဲ့ပတ်သက်လို့ ကချင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းနဲ့ KIA သတင်းနဲ့ပြန်ကြား‌ရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူတို့ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ အကြောင်းမပြန်ပါဘူး။

စစ်ကောင်စီရဲ့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ စာရင်းတွေမှာ ၂၀၂၄ နှစ်ဆန်းက ဧပြီလထိ ကန်ပိုက်တီကုန်သွယ်ရေးစခန်းကနေ ကုန်သွယ်မှုတန်ဖိုး အမေရိကန် ဒေါ်လာ ၅၂ သန်းကျော်ရှိတယ်လို့ ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org