ရေဖြူ ကံပေါက်ရွာမှာ မိုင်းနှစ်လုံးတွေ့ပြီး ၁၀ ဦးထက်မနည်း ဖမ်းဆီးခံရ

ရေဖြူ ကံပေါက်ရွာအနီးမှာ ဇူလိုင် ၁၄ ရက်က မိုင်းနှစ်လုံးတွေ့ပြီးနောက် ဒေသခံ ၁၀ ဦးထက်မနည်းကို စစ်တပ်က ဖမ်းဆီးသွားပါတယ်။

ရေဖြူမြို့နယ်၊ ကံပေါက်ရွာကို ၂၀၂၀ ပြည့်နှစ်အတွင်းက တွေ့ရစဉ်။ Citizen Journalist

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ကံပေါက်ရွာပတ်လမ်းအနီးမှာ ဇူလိုင်လ ၁၄ ရက်နေ့က မိုင်းနှစ်လုံး တွေ့ပြီးနောက် ဇူလိုင် ၁၅ နဲ့ ၁၆ ရက်မှာ အမျိုးသမီးလေးဦး အပါအဝင် ၁၀ ဦးထက်မနည်းကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကံပေါက်အခြေစိုက် စစ်ကောင်စီရဲ့ မောရ၀တီရေတပ်က အင်အားတစ်ရာကျော်ဟာ စစ်ကားငါးစီးနဲ့ ရောက်လာပြီး ဒေသခံတွေကို ဝင်ရောက်ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

ဇူလိုင် ၁၅ ရက်က မဂ္ဂင်ရပ်ကွက်မှာရှိတဲ့ ကံပေါက်ဈေးကုန်စုံဆိုင်ပိုင်ရှင် အသက် ၆၀ အရွယ် ဒေါ်စန်းမြင့် (ခ) ဒေါ်ဒီးဒုတ်၊ အသက် ၅၀ အရွယ်ဒေါ်မီးချိုနဲ့ အသက် ၄၅ နှစ်အရွယ် ဦးကျော်ဦး၊ အသက် ၃၅ ကနေ ၄၀ ဝန်းကျင် အရွယ်ရှိကြတဲ့ ကိုကျန်ကျောင်း၊ ကိုကျော်ကျော်နဲ့ ကိုမင်းသူအောင်တို့ ဖမ်းဆီးခံခဲ့ရတာပါ။

ဇူလိုင် ၁၆ ရက်မှာလည်း ဗိုလ်ချုပ်ရပ်ကွက်၊ ကျောက်တိုင်ရှေ့မှာနေထိုင်တဲ့ အသက် ၃၅ နှစ်ဝန်းကျင်အရွယ်  မအေးမြတ်သူနဲ့ မသဇင်လွင်တို့နှစ်ဦးကို ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။

အားလုံးကို မောရဝတီရေတပ်စခန်းဆီ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"သိထားတာ ရှစ်ယောက်ပဲရှိသေးတယ်။ တခြားတက္ကစီသမားတွေ ဘာတွေလည်း ဖမ်းခံ ရတာကြားတယ်။ ဘယ်သူတွေလဲဆိုတာ အတိအကျလိုက်လို့မရဘူးဖြစ်နေတယ်။ ဖမ်းခံ ရသူတွေက PDF အဖွဲ့တွေနဲ့လည်း အဆက်အသွယ်မရှိဘူး။ သူတို့ဘာသာ အေးအေး ဆေးဆေး စီးပွားရေးလုပ်နေတဲ့သူတွေ။ ဘယ်လိုအကြောင်းကြောင့် ဖမ်းခံရတယ်ဆိုတာ တော့ မသိဘူး။ နောက်တစ်ချက်က ကံပေါက်မှာ မိုင်းနှစ်လုံးတွေ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး တော့ အဲကိစ္စနဲ့ပဲထင်တယ်"

ကံပေါက်ဒေသခံရှစ်ဦးအပြင် အမည်မသိရသေးတဲ့ တက္ကစီယာဉ်မောင်းတချို့နဲ့ တခြားသူ တွေပါ ဖမ်းဆီးခံခဲ့ရလို့ နှစ်ရက်အတွင်း ဖမ်းဆီးခံရသူ ၁၀ ဦးထက်မနည်းရှိနေတာလို့ ဆိုပါတယ်။

ဇူလိုင် ၁၇ ရက် ဒီနေ့နေ့လယ်အထိ ဖမ်းဆီးခံရသူတွေရဲ့ အခြေအနေနဲ့ပတ်သက်ပြီး မိသားစုတွေကို ဆက်သွယ်လာတာ မရှိသေးဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် ကံပေါက်တစ်ရွာလုံးနီးပါးမှာ စစ်ကောင်စီတပ်သားအများအပြားနဲ့ လမ်းသွား လမ်းလာတွေအကုန် စစ်ဆေးနေတာကြောင့် စိုးရိမ်နေကြရတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ တနင်္သာရီတိုင်းပြောခွင့်ရ လူမှုရေးရာ ဝန်ကြီး ဦးယဉ်ထွေးကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

ကံပေါက်မှာ မောရဝတီရေတပ်နဲ့ အမှတ် (၂၇၃) ခြေမြန်တပ်ရင်းအခြေစိုက်ထားသလို အံတောင်၊ ရန်ကင်းတောင်၊ ရေကန်တောင်နဲ့ မိုးလုံးတောင်မှာလည်း စခန်းချထားတာတွေ ရှိတယ်လို့ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက ပြောပါတယ်။

ကံပေါက်ဒေသမှာ ရပ်ကွက် ၁၃ ရပ်ကွက်အထိရှိပြီး လူဦးရေနှစ်သောင်းဝန်းကျင် နေထိုင်ကြပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းအရ စစ်တပ်အာဏာသိမ်းချိန်ကနေ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်နေ့ထိ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၂၃,၈၇၀ ဦးရှိပြီး အဲဒီအထဲက ၁၉,၄၉၅ ဦးက လက်ရှိအချိန်အထိ ထိန်းသိမ်း ခံထားရဆဲ ဖြစ်ပါတယ်။ 

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org