ကန်ပက်လက်မှာ စစ်ရဟတ်ယာဉ် အပစ်ခံရ

ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့မှာ အောက်တိုဘာ ၁၆ ရက်၊ မနေ့က အင်အားဖြည့်ဖို့ ရောက်လာတဲ့ စစ်ရဟတ်ယာဉ်ကို ကန်ပက်လက် ဒေသကာကွယ်ရေးအဖွဲ့က သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် ဆီတိုင်ကီနဲ့ ပန်ကာ ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ကန်ပက်လက် ဒေသကာကွယ်ရေးအဖွဲ့ဝင်တချို့ကို တွေ့ရစဉ်။ Photo: Chin Defence Force - Kanpetlet

ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့မှာ အောက်တိုဘာ ၁၆ ရက်၊ မနေ့က အင်အား ဖြည့်ဖို့ ရောက်လာတဲ့ စစ်ရဟတ်ယာဉ်ကို ကန်ပက်လက် ဒေသကာကွယ်ရေးအဖွဲ့က သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် ဆီတိုင်ကီနဲ့ ပန်ကာ ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

အပစ်ခံရတဲ့ စစ်ရဟတ်ယာဉ်ဟာ ကန်ပက်လက်မြို့ ဘောလုံးကွင်းကို ချက်ချင်း ဆင်းသက် ခဲ့ပြီး လက်ရှိအချိန်အထိ ကန်ပက်လက်မြို့မှာပဲ ရှိနေသေးတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ကန်ပက်လက်မြို့မှာရှိတဲ့ ကျင်ဒွေးတပ်စခန်းအတွက် အင်အားဖြည့်တင်းဖို့လာတဲ့ စစ်ရဟတ်ယာဉ်ကို ဒုတိယအကြိမ်အလာမှာ ပစ်ခတ်ခဲ့တာလို့ ကန်ပက်လက်ဒေသ ကာကွယ်ရေးအဖွဲ့ (CDF ကန်ပက်လက်) အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

"စစ်ကောင်စီတပ်တွေက စစ်ရဟတ်ယာဉ်နဲ့ အင်အားဖြည့်လာတာကို ဒုတိယအကြိမ် ပြန်လာတဲ့အချိန်မှာ ကျနော်တို့က ပစ်တာ။ ပစ်လိုက်တော့ ဆီတိုင်ကီပေါက်တယ်။ ပန်ကာတစ်ချပ် ပျက်သွားတယ်။ အဲမှာပဲ ချက်ချင်းဆင်းလိုက်တယ်"

ဒီပြောဆိုမှုတွေနဲ့ ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီ ဘက်ကလည်း တစ်စုံတစ်ရာ သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် မတ်လ ၂၉ ရက်နေ့ကလည်း ကလေးမြို့ကနေ ချင်းပြည်နယ်၊ ဟားခါး မြို့ကို တက္ကသိုလ်ဝင်တန်းစာမေးပွဲအတွက် မေးခွန်းတွေသွားပို့တဲ့ စစ်ရဟတ်ယာဉ် ဟားခါးမြို့အဆင်းမှာ ရာသီဥတုကြောင့် ပျက်ကျခဲ့ပါတယ်။

၂၀၂၁ ခုနှစ်၊ မေလကလည်း ကချင်ပြည်နယ် မိုးမောက်မြို့မှာ ဖြစ်ခဲ့တဲ့ စစ်ကောင်စီတပ်နဲ့ KIA တို့ တိုက်ပွဲအတွင်း စစ်ရဟတ်ယာဉ်တစ်စင်း ပျက်ကျခဲ့သလို ၂၀၂၀ ခုနှစ်၊ မတ်လက လည်း ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်မှာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကိစ္စနဲ့ နိုင်ငံတကာ စစ်သံမှူးတချို့ လိုက်ပါလာတဲ့ စစ်ရဟတ်ယာဉ်တစ်စင်း ပျက်ကျခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org