ကန့်ဘလူမှာ စစ်ကြောင်း တိုက်ခိုက်ခံရပြီးနောက် လေကြောင်းနဲ့ လာပစ်နေကြောင်း ဒေသခံတွေပြော

ကန့်ဘလူမှာ နိုဝင်ဘာလ ၁၀ ရက်က စစ်တပ်နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့တွေ ကြားဖြတ်တိုက်ခိုက်ခံရပြီးနောက် နိုဝင်ဘာ ၁၁ ရက် ဒီနေ့မနက်မှာ စစ်တပ်က လေကြောင်းနဲ့ သုံးကြိမ်လာပစ်ခဲ့တယ်လို့ ပြောပါ တယ်။

ကန့်ဘလူမြို့နယ် အလယ်ခုံရွာအနီး ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်က ကြားဖြတ်တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိခဲ့သည့် လက်နက်ခဲယမ်းများအား တွေ့ရစဉ်။ NUG

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် အလယ်ခုံရွာအနီးမှာ နိုဝင်ဘာလ ၁၀ ရက် မနေ့က စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းအဖွဲ့တွေ ကြားဖြတ်တိုက်ခိုက်ခံရပြီးနောက် နိုဝင်ဘာ ၁၁ ရက် ဒီကနေ့မနက်ပိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ သုံးကြိမ်လာပစ်ခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ချပ်ကုန်းနဲ့ အလယ်ခုံရွာ အနောက်ဘက်ကို စစ်ကောင်စီတပ်ရဲ့ MI-35 တိုက်ခိုက်ရေး ရဟတ်ယာဉ်နဲ့ လာပစ်ခဲ့တာဖြစ်ပြီး လုံခြုံရေးကြောင့် ထိခိုက်ပျက်စီးမှုကိုတော့ လတ်တလော မသိရသေးဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“အလယ်ခုံရွာ အနောက်ဘက်က ကြိုးတံတားနားမှာ လေယာဉ်နဲ့လာပစ်တာ။ ဝိုက်ပြီးတော့ကို ပစ်တာ။ မနေ့ကတော့ အဲဒီနေရာမှာ လေကြောင်းတိုက်ခိုက်မှုတွေ မလုပ်ဘူး။ ဒီမနက်မှ လုပ်တာ”

ကန့်ဘလူမြို့နယ် ကိုးတောင်ဘို့တိုက်နယ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲဝင်တစ်ဦးက လည်း ဒီကနေ့မနက်ပိုင်းမှာ ကျန်နေသေးတဲ့ စစ်ကောင်စီတပ်၊ ပျူစောထီးနဲ့ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲဖြစ်နေသလို စစ်ကောင်စီတပ်ကလည်း လေကြောင်းတိုက်ခိုက်မှုလုပ်လာတာလို့ RFA ကို ပြောပါတယ်။

ထိခိုက်ပျက်စီးမှုကိုတော့ နယ်မြေရှင်းလင်းရေးမဝင်ရသေးတာကြောင့် အသေးစိတ် မသိရသေးဘူးလို့ ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနကတော့ အလယ်ခုံရွာအနီး ကြားဖြတ်တိုက်ခိုက်ခံရမှုမှာ စစ်ကောင်စီတပ်ဘက်က လက်နက် ၅၉ လက်နဲ့ ခဲယမ်းမျိုးစုံရခဲ့တယ်လို့ နိုဝင်ဘာလ ၁၀ ရက် မနေ့က ထုတ်ပြန်ခဲ့ပါတယ်။

ကြားဖြတ်တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သား ရှစ်ဆယ်ကျော်သေဆုံးခဲ့ပြီး နှစ်ဆယ်ဦး ခန့် ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ထားပေမယ့် RFA အနေနဲ့ ဒီအရေအတွက်အပေါ် သီးခြား အတည်မပြုနိုင်သေးပါဘူး။

တိုက်ခိုက်ခံရတဲ့ အဲဒီ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးပူးပေါင်းအဖွဲ့ အင်အား နှစ်ရာကျော်ဟာ ကောလင်းမြို့ကို စစ်ကြောင်းထိုးဖို့သွားတာဖြစ်တယ်လို့လည်း NUG ဘက်က ပြောပါတယ်။

ဒီအခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသလို စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင် ကျော်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားခြင်း မရှိပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org