ကန့်ဘလူ ရွာသုံးရွာက စစ်ကောင်စီတပ်စခန်းသုံးခုကို ကာကွယ်ရေးတပ်ဖွဲ့တွေ သိမ်း

အမှတ် ၁ စစ်ဒေသကွပ်ကဲမှုနဲ့ မကုန်းရွာ၊ ညောင်ဇင်ကြီးရွာနဲ့ ဘိုတဲကုန်းရွာတွေမှာရှိတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးစခန်းတွေကို သိမ်းယူနိုင်တာလို့ ဆိုပါတယ်။

၂၀၂၄ ခုနှစ် ဩဂုတ်လ ၁၆ ရက်နေ့က စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ကျေးရွာသုံးရွာရှိ စစ်ကောင်စီတပ်နှင့် ပျူစောထီးများ၏ တပ်စခန်းများအား ပြည်သူ့ကာကွယ်ရေးတပ်ဝင်များမှ သိမ်းယူပြီးနောက် ဘန်ကာများအား မီးရှို့ဖျက်စီးနေပုံ။ Citizen Photo

 စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်က ကျေးရွာသုံးရွာမှာရှိတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေရဲ့ တပ်စခန်းသုံးခုကို သိမ်းယူနိုင်ခဲ့တယ်လို့ စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ က ဩဂုတ်လ ၁၈ ရက်နေ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

အမှတ် ၁ စစ်ဒေသကွပ်ကဲမှုနဲ့ မကုန်းရွာ၊ ညောင်ဇင်ကြီးရွာနဲ့ ဘိုတဲကုန်းရွာတွေမှာရှိတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးစခန်းတွေကို သိမ်းယူနိုင်တာလို့ ဆိုပါတယ်။

ဒီစခန်းသိမ်းတိုက်ပွဲတွေမှာ ကန့်ဘလူခရိုင်တပ်ရင်းတွေ၊ ကန့်ဘလူခရိုင်-ပကဖ လှုပ်ရှားတပ်ဖွဲ့၊ ကန့်ဘလူမြို့နယ်-ပကဖ တပ်ဖွဲ့တွေပူးပေါင်း တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေကို တိုက်ထုတ်နိုင်ရုံမက ဘန်ကာတွေကိုလည်း ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးကတော့ " ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဒီပျူသုံးရွာကို သိမ်းယူပြီး စခန်းချနေတယ်၊ လက်ရှိမှာ တိုက်ပွဲဖြစ်တာ မရှိဘူး။"

ဩဂုတ်လ ၁၈ ရက်နေ့ မနက်အစောပိုင်းကလည်း ဒီပဲယင်းမြို့ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ စစ်ကိုင်းတိုင်း ပကဖက သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ပွဲအတွင်း လက်နက်ချခဲ့တဲ့ ပျူစောထီးအဖွဲ့ဝင်နှစ်ဦး၊ စစ်ကောင်စီ ဌာနဆိုင်ရာဝန်ထမ်း (Non CDM) ၄၁ ဦးနဲ့ မိသားစုဝင် ရှစ်ဆယ်ဦး၊ စုစုပေါင်း ၁၂၃ ဦးကို ကောင်းမွန်စွာ ထိန်းသိမ်းထားတယ်လို့လည်း ဆိုပါတယ်။

ဒီစခန်းတွေနဲ့ မြို့တွေအသိမ်းခံရတယ်ဆိုတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org