ကြာအင်းဆိပ်ကြီးတိုက်ပွဲအတွင်း အရပ်သား တစ်ဦးသေဆုံး၊ ဆယ်ဦးကျော် ဒဏ်ရာရ

ကြာအင်းဆိပ်ကြီး မြို့ပေါ်တိုက်ပွဲမှာ အနည်းဆုံး အရပ်သား တစ်ဦးသေဆုံးခဲ့ပြီး ဆယ်ဦးကျော် ဒဏ်ရာရခဲ့တယ်လို့ ကြာအင်းဆိပ်ကြီး မြို့ခံတွေက RFA ကို ပြောပါတယ်။

Cloud Wings ဒရုန်းတပ်ဖွဲ့ဝင်များအား ၂၀၂၃ ခုနှစ် နိုဝင်ဘာလက တွေ့ရစဉ်။ Cloud Wings

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီး မြို့ပေါ်တိုက်ပွဲမှာ အနည်းဆုံး အရပ်သား တစ်ဦးသေဆုံးခဲ့ပြီး ဆယ်ဦးကျော် ဒဏ်ရာရခဲ့တယ်လို့ ကြာအင်းဆိပ်ကြီး မြို့ခံတွေက RFA ကို ပြောပါတယ်။

နိုဝင်ဘာလ ၂ ရက်နေ့ မနက်ပိုင်းကစလို့ ကြာအင်းဆိပ်ကြီးမြို့ပေါ်မှာ ကရင်အမျိုးသားအစည်းအရုံး (KNU) ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ခဲ့ပြီး လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိခဲ့တာလို့ မြို့ခံတွေက ပြောပါတယ်။

"ကျွန်တော်သိသလောက် သေဆုံးတာက တစ်ယောက်ပါ။ ရပ်ကွက် ၆ က သေတယ်လို့ ကြားပါတယ်။ သေချာ မေးလဲမမေးရဲဘူး။ မီးသတ်စခန်းတော့ ရှို့ခံရပါတယ်။ ကား တစ်စီး မီးလောင်ထားတာ တွေ့ရပါတယ်။ ကျန်တဲ့ရုံးတော့ မသိရပါဘူး"

နိုဝင်ဘာလ ၂ ရက်နေ့က ကြာအင်းဆိပ်ကြီးမြို့ပေါ်က တိုက်ပွဲတွေဟာ တစ်နေကုန် ဖြစ်ပွားခဲ့ပြီး ည ၁၂ နာရီဝန်းကျင်မှာတော့ လက်နက်ကြီးပစ်ခတ်မှုတွေ ရပ်တန့်သွားတာလို့ သူက ပြောပါတယ်။

မြို့ပေါ် ရပ်ကွက်တိုင်းလိုလိုမှာ ထိခိုက်ပျက်ဆီးမှုတွေ ရှိနေပေမဲ့ နိုဝင်ဘာလ ၃ ရက်နေ့မှာတော့ ပုံမှန်အတိုင်း သွားလာလို့ ရနေပြီလို့ သူက ပြောပါတယ်။

Cloud Wings ဒရုန်းတပ်ဖွဲ့ တာဝန်ခံ ကိုငြိမ်းကလည်း ကြာအင်းဆိပ်ကြီးမြို့ပေါ်က တိုက်ပွဲကို ရပ်နားထားတယ်လို့ RFA ကို ပြောပါတယ်။ မြို့ပေါ်မှာ အရပ်သား နှစ်ဦးသေဆုံးပြီး ၂၀ ခန့်ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ကိုငြိမ်းက ဆိုပါတယ်။

KNU ပူးပေါင်းတပ်တွေနဲ့ Cloud Wings ဒရုန်းတပ်ဖွဲ့ဟာ ကြာအင်းဆိပ်ကြီးမြို့နယ်ထဲက စစ်ကောင်စီရဲ့ အမှတ် ၃၂ ခြေလျင်တပ်ရင်း၊ မြို့မရဲစခန်း၊ ဇမိခန်းမ၊ အားကစားရုံးနဲ့ စစ်ကောင်စီ တပ်စွဲထားတဲ့ နေရာတွေကို နိုဝင်ဘာလ ၂ ရက်နေ့မှာ တိုက်ခိုက်ခဲ့တယ်လို့ နိုဝင်ဘာ ၃ ရက်မှာပဲ ထုတ်ပြန်ထားပါတယ်။

တိုက်ပွဲတွေအတွင်း Lion Battalion ကွန်မန်ဒို စစ်ကြောင်းက စစ်ကြောင်းမှူး စောလား နဲ့ PDF တပ်ဖွဲ့ဝင်တချို့ သေဆုံးခဲ့ပြီး စစ်ကောင်စီဘက်က လေးဦးသေဆုံးခဲ့သလို ခြောက်ဦးဒဏ်ရာရခဲ့တယ်လို့ Cloud Wings ဒရုန်းတပ်ဖွဲ့က ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ KNU ပြောခွင့်ရ ပဒိုစောကလယ်စေးနဲ့ စစ်ကောင်စီရဲ့ ကရင်ပြည်နယ် ပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးစောခင်မောင်မြင့်ကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိသေးပါဘူး။

ကြာအင်းဆိပ်ကြီး မြို့နယ်ထဲက ကွီးလုံတိုင်စခန်းနဲ့ မြဝတီမြို့နယ်က ကနဲလေးစခန်းကိုတော့ နိုဝင်ဘာလ ၂ ရက်နေ့ကတည်းက အခုအချိန်အထိ တိုက်ခိုက်နေဆဲဖြစ်တယ်လို့ PDF တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org