ကရင်ရိုးရာ ယဉ်ကျေးမှုုပွဲ လန်ဒန်မြို့မှာ ကျင်းပ
ဗြိတိန်နိုင်ငံကို ရောက်ရှိနေတဲ့ ကရင်တိုင်းရင်းသားတွေက သူတို့ရိုးရာ ယဉ်ကျေးမှုတွေ ဆက်လက်တည်တံ့စေဖို့ အတွက် “ကရင်ရိုးရာ ယဉ်ကျေးမှု ပွဲတော်” တစ်ရပ်ကို လန်ဒန်မြို့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
-
2013-09-01 -
-
-
ဗြိတိန်နိုင်ငံကို ရောက်ရှိနေတဲ့ ကရင်တိုင်းရင်းသားတွေ က သူတို့ရိုးရာယဉ်ကျေးမှုတွေ ဆက်လက်တည်တံ့စေဖို့ အတွက် “ကရင်ရိုးရာ ယဉ်ကျေးမှု ပွဲတော်” တစ်ရပ်ကို လန်ဒန်မြို့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
တတိယအကြိမ်မြောက်ကျင်းပတဲ့ ဒီပွဲတော်လာရောက်တဲ့သူတွေကို ကရင်ရိုးရာအစားအစာတစ်မျိုးဖြစ်တဲ့ ကရင်တာလဘောဟင်းနဲ့ ထမင်းကျွေးပြီး ဧည့်ဝတ်ပြုပါတယ်။
ကရင်ရိုးရာ ယဉ်ကျေးမှုတွေကို ဒီကနေ့ ဘယ်လိုဖော်ထုတ် ပြသသလဲဆိုတာကို ကရင်အမျိုးသားအစည်းအရုံး UK က မေရီလှက ပြောပြပါတယ်။
“ကျမတို့ ကရင်ရိုးရာအကတစ်ခုဖြစ်တဲ့ ဒုံးအကတစ်ခုပါမယ်၊ နောက်ပြီး ဂလုန်နာနာဆိုတဲ့အကတို့၊ နောက် ကရင်ရိုးရာ လက်ချည်ပွဲ ဘယ်လိုဆင်နွှဲလဲဆိုတာကို တင်ပြမှာဖြစ်တယ်၊ နောက်ပြီး ကျမတို့ကရင်ပြည်နယ်မှာ လက်ရှိဖြစ်နေတဲ့အခြေအနေ၊ နောက်ပြီး ကျမတို့ ဒီမှာ ဘာတွေလုပ်ဆောင်လဲဆိုတာကို ထည့်သွင်းပြောသွားမှာပါရှင့်”
မေရီလှက ဆက်လက်ပြီး သူတို့ရိုးရာယဉ်ကျေးမှုကို ရေရှည်ထိန်းသိမ်းနိုင်အောင် အခုလို ရိုးရာအဆိုအကတွေ၊ အစားအစာတွေနဲ့ တခြားလူမျိုးတွေကို မိတ်ဆက်ပေးတာမျိုး၊ ကရင်လူမျိုးအများစုရှိတဲ့ ဗြိတိန်နိုင်ငံ ရှဖီလ်းမြို့မှာဆိုရင်လည်း ကရင်ရိုးရာ စာပေသင်ကြားပို့ချပေးနေတဲ့ သင်တန်းတွေနဲ့တဖုံ သူတို့ကရင့်ရိုးရာကို တိုးတက်ပျံ့ပွားအောင် လုပ်ဆောင်နေကြောင်း ပြောပြပါတယ်။
“အခုဆိုလို့ရှိရင် ကရင်စာပေသင်ကြားခြင်းပေါ့နော်၊ နှစ်ပတ်လောက်ပေးလိုက်တော့ ကလေးတွေဆို ကရင်စကားစပြောလာပြီ၊ ဒီနိုင်ငံရောက်တော့ သူတို့တတွေကလေ ကိုယ့်ရဲ့အမိဘာသာစကားထက် ဒီကဘာသာစကားကို ပိုပြီးတော့အားသန်သွားတယ်၊ ကိုယ့်အမိဘာသာစကားကို အိမ်မှာပြောနေပေမယ့် မပြောချင်တော့ဘူးဆိုတော့ ကျမတို့ ဒီလိုသင်တန်းလေးတွေ ပြန်လုပ်ပေးတယ်၊ KCA အနေနဲ့ပေါ့နော်၊ သင်တန်းမှာလည်း ကရင်ဝတ်စုံလေးတွေပဲ ဝတ်ခိုင်းတယ်၊ ကလေးတွေက သူတို့ဝတ်စုံလေးတွေလည်း ဝတ်တတ်သွားတယ်၊ ပြီးတော့ အချင်းချင်းရင်းနှီးမှု ပိုရှိသွားတယ်ပေါ့နော်။ ဒီလိုနည်းနဲ့ ကိုယ့်အစည်းအရုံးလေးကို ရင်းနှီးချစ်ခင်အောင် ကိုယ့်ရိုးရာဘာသာစကားကို လုပ်ဆောင်နိုင်အောင် ကျမတို့ ကြိုးစားလုပ်ဆောင်ပါတယ်ရှင့်”
ကရင်ရိုးရာ ယဉ်ကျေးမှုပွဲတော်ကို ဗြိတိန်နိုင်ငံအနှံ့အပြားမှာ ရောက်ရှိနေထိုင်တဲ့ ကရင်လူမျိုးတွေနဲ့အတူ မြန်မာနိုင်ငံသားတွေ၊ နိုင်ငံခြားသားတွေအပါအဝင် ပရိသတ် ၇၀ နီးပါးတက်ရောက်ခဲ့ပါတယ်။