ကရင်တပ်ဖွဲ့တွေညီညွတ်ရေး ဆွေးနွေးကြဖို့ ကရင်ပြည်သူတွေ တောင်းဆို

အချင်းချင်းညီညွတ်ရေးအတွက် အမြန်ဆုံးဆွေးနွေးကြဖို့ ကရင့်လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေကို ပြည်တွင်းပြည်ပ ကရင်အဖွဲ့အစည်းတွေက တောင်းဆိုလိုက်ပါတယ်။

ကရင်ပြည်နယ်၊ ကျောက်ကြီးမြို့တွင် ကျင်းပသော ၆၃ ကြိမ်မြောက် ကရင့်တော်လှန်ရေးနေ့အခမ်းအနားတွင် တွေ့ရသည့် ကရင်အမျိုးသားအစည်းအရုံး လက်အောက်ခံတပ်ဖွဲ့ဝင်များ။ Reuters

အချင်းချင်းညီညွတ်ရေးအတွက် အမြန်ဆုံးဆွေးနွေးကြဖို့ ကရင့်လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေကို ပြည်တွင်းပြည်ပ ကရင်အဖွဲ့အစည်းတွေက တောင်းဆိုလိုက်ပါတယ်။

တနင်္သာရီတိုင်းအတွင်းက ကရင့်လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတွေအကြား နိုင်ငံရေး၊ စစ်ရေး တင်းမာမှုတွေနဲ့ပတ်သက်ပြီး လွန်စွာစိုးရိမ်ကြောင်းနဲ့ တာဝန်ရှိပုဂ္ဂိုလ်တွေ အမြန်ဆုံး ဆွေးနွေးအဖြေရှာစေလိုကြောင်း တနင်္သာရီတိုင်းအတွင်းက ကရင်တိုင်းရင်းသားတွေနဲ့ ပြည်တွင်းပြည်ပ ကရင်အဖွဲ့အစည်းတွေ စုပေါင်းပြီး ဖေဖော်ဝါရီ ၂ဝ ရက်နေ့က ကြေညာချက် ထုတ်ပြန်လိုက်တာပါ။

ကရင်အမျိုးသားအစည်းအရုံး ဘိတ်-ထားဝယ်ခရိုင် KNLA တပ်မဟာ ၄ လက်အောက်ခံ တပ်ဖွဲ့နဲ့ ဗိုလ်ချုပ် စောနယ်ဒါးမြ ဦးဆောင်တဲ့ ကော်သူးလေးတပ်မတော် KTLA တို့ကြား စစ်ရေးတင်းမာမှုတွေကို ဆွေးနွေးအဖြေရှာဖို့ ဖေဖော်ဝါရီ ၇ ရက်နေ့က တိုက်တွန်းခဲ့ပြီး နောက်ပိုင်း အခိုက်အတန့်တည်ငြိမ်သွားခဲ့ပေမယ့် ၁၅ ရက်နေ့မှာ ထပ်မံပြီး ထိပ်တိုက်ပစ်ခတ်မှုတွေရှိခဲ့တာကြောင့် နောက်ဆက်တွဲ ဖြစ်ပေါ်လာမယ့် အခြေအနေတွေအပေါ် အလွန်စိုးရိမ်ပူပန်တယ်လို့ ဆိုပါတယ်။

ကရင်အမျိုးသားတွေနဲ့ မြန်မာပြည်သူအားလုံးရဲ့အကျိုးကို လျစ်လျူရှုပြီး ကိုယ့်အကျိုးစီးပွားကိုပဲ ကြည့်တဲ့ခေါင်းဆောင်တွေကို ကရင်တိုင်းရင်းသားတွေအနေနဲ့ ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒီထုတ်ပြန်ချက်ကို ကရင်အမျိုးသမီးအဖွဲ့ KWO၊ ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုအဖွဲ့ KPSN အပါအဝင် ပြည်တွင်းပြည်ပ က ကရင်အဖွဲ့အစည်း ၄၆ ဖွဲ့က ပါဝင် ထောက်ခံလက်မှတ်ရေးထိုးခဲ့ကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org