လူ့အခွင့်အရေးချိုးဖောက်မှု အကြိမ် နှစ်ထောင်ကျော် စစ်ကောင်စီ ကျူးလွန်ခဲ့ကြောင်း KNU ထုတ်ပြန်
KNU ထိန်းချုပ်နယ်မြေမှာ ၂၀၂၄ ပထမခြောက်လအတွင်း စစ်ကောင်စီက လူ့အခွင့်အရေးချိုးဖောက်မှု အကြိမ် နှစ်ထောင်ကျော် ကျူးလွန်ခဲ့တယ်လို့ ဇူလိုင်လ ၁၂ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
-
RFA Burmese
2024-07-12 -
-
-
ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေမှာ ၂၀၂၄ ပထမခြောက်လအတွင်း စစ်ကောင်စီက လူ့အခွင့်အရေးချိုးဖောက်မှု အကြိမ် နှစ်ထောင်ကျော် ကျူးလွန်ခဲ့ပြီး အရပ်သား ၁၃၀ ကျော် သေဆုံးခဲ့တယ်လို့ ဇူလိုင်လ ၁၂ ရက်နေ့မှာ KNU ဗဟိုက ထုတ်ပြန်လိုက်ပါတယ်။
KNU အုပ်ချုပ်နယ်မြေအတွင်း စစ်ကောင်စီက လူအခွင့်အရေး ချိုးဖောက်မှု အမျိုးအစား ဆယ်မျိုးကို အကြိမ်ရေ (၂,၃၀၃) ကြိမ်ထက် မနည်းကျူးလွန်ခဲ့ပြီး ဒေသခံ ၉၆ ဦးကို အကြောင်းမဲ့ ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ရဲ့ လူ့အခွင့်အရေးကျူးလွန်မှုပုံစံတွေထဲမှာ လေကြောင်းတိုက်ခိုက်မှု အကြိမ် ၈၅၀၊ လက်နက်ကြီးနဲ့ ပစ်ခတ်မှု ၁,၂၄၉ ကြိမ်၊ ဒရုန်းနဲ့ ပစ်ခတ်တိုက်ခိုက်မှု ၁၀၆ ကြိမ်တို့ကို အများဆုံးကျူးလွန်ခဲ့တယ်လို့လည်း KNU က ဖော်ပြထားပါတယ်။
အဲဒီထဲမှာ အရပ်သား ၁၃၄ ဦး အသက်ဆုံးရှုံးခဲ့ပြီး ၄၃၉ ဦး ထိခိုက်ဒဏ်ရာရခဲ့တဲ့အပြင် ဘာသာရေးအဆောက်အဦ ၃၀ ဝန်းကျင်၊ စာသင်ကျောင်း ၁၄ ကျောင်း၊ ဆေးပေးခန်း နှစ်ခု၊ ဆေးရုံ နှစ်လုံး၊ နေအိမ် တစ်ထောင်ကျော် ပျက်စီးခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဒီထုတ်ပြန်ချက်အရ KNU ထိန်းချုပ်နယ်မြေအတွင်း စစ်တပ်အာဏာသိမ်းချိန်ကနေ ၂၀၂၄ ဇွန်လအထိ နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည် ၁၂ သိန်းကျော် (၁,၂၄၄,၄၁၅) ရှိနေပါပြီ။ ဒီအထဲမှာ ညောင်လေးပင်ခရိုင်က ဒုက္ခသည် (၄၃၀,၀၀၀) နဲ့အများဆုံးဖြစ်ပြီး မြိတ်-ထားဝယ်ခရိုင်ကတော့ (၂၄၀,၀၀၀) ကျော်နဲ့ ဒုတိယအများဆုံးဖြစ်ပါတယ်။
ဒီအချက်အလက်တွေအရ စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာ တစ်နှစ်ထက်တစ်နှစ် ပိုများလာသလို ထိခိုက် ပျက်စီးမှုတွေလည်း ပိုတိုးလာပြီး စာရင်းကောက်ယူလို့မရနိုင်တဲ့ နေရာတွေလည်းရှိတာကြောင့် လက်တွေ့မှာ ဒီထက်ပိုများနိုင်တယ်လို့ KNU က ဆိုပါတယ်။
ဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။