ကရင်ပြည်နယ်ဝန်ကြီးချုပ် အဂတိလိုက်စားမှုနဲ့ ထပ်တရားစွဲခံထားရ

ဒီမိုကရေစီအစိုးရထံကနေ အဓမ္မအာဏာသိမ်းပြီးနောက်မှာ ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နဲ့ တခြား ကရင်ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီး လေးဦးကို စစ်ခေါင်းဆောင်တွေက ဖမ်းဆီးတရားစွဲပြီး ပြီးခဲ့တဲ့မေလ ၃ဝ ရက်နေ့မှာ ပုဒ်မ ၅ဝ၅ (ခ) နဲ့ ထောင်ဒဏ် နှစ်နှစ်စီ ချမှတ်ခဲ့ပါတယ်။

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်။ Photo: Nann Khin Htwe Myint/Facebook

ဒီမိုကရေစီအစိုးရထံကနေ အဓမ္မအာဏာသိမ်းပြီးနောက်မှာ ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နဲ့ တခြား ကရင်ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီး လေးဦးကို စစ်ခေါင်းဆောင်တွေက ဖမ်းဆီးတရားစွဲပြီး ပြီးခဲ့တဲ့မေလ ၃ဝ ရက်နေ့မှာ ပုဒ်မ ၅ဝ၅ (ခ) နဲ့ ထောင်ဒဏ် နှစ်နှစ်စီ ချမှတ်ခဲ့ပါတယ်။ နောက်တခါ အဂတိလိုက်စားမှုနဲ့ အမှု ၅ မှု ထပ်မံစွဲချက်တင်ပြီး အခု စစ်ဆေးနေတယ်လို့ ဒီအမှုကို အခမဲ့ လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေကြီး ဦးအောင်သိန်း က RFA ကို ပြောပါတယ်။

“ဒေါ်နန်းခင်ထွေးမြင့်နဲ့ ဝန်ကြီး လေးဦး၊ စုစုပေါင်း သူအပါအဝင် ၅ ဦးကို ၅ဝ၅ (ခ) နဲ့ ထောင် နှစ်နှစ် စီ ချထားပြီးပြီ။ အခု ဒေါ်နန်းခင်ထွေးမြင့် နဲ့ ဝန်ကြီး ဦးသန်းနိုင်ကို အဂတိလိုက်စားမှု နဲ့ ပတ်သက်ပြီး အမှုငါးမှု စွဲထားတယ်။ လောလောဆယ် အခု အဲဒီမှာ ကိုဗစ်က အခြေအနေအတော်ဆိုးတယ်ဆိုတော့ ဒေါ်နန်းခင်ထွေးမြင့်က ဆရာမလာပါနဲ့ အသက်အရွယ်အရ ကျန်းမာရေးက အရေးကြီးတယ်။ လူငယ်ပဲလွှတ်ပေးပါဆိုလို့ ကျနော့် ဂျူနီယာ ဆက်သွားပေးနေတယ်။ ရုံးချိန်းက အခုနောက်ပိုင်း ဘာမှ မရှိတော့ဘူး။ အရင်က နှစ်ပတ်တချိန်းမှာ ငါးရက်စစ်တယ်၊ တနင်္လာကနေ သောကြာအထိ စစ်တယ်။ အမှု ငါးမှုဆိုတော့ ခွဲယူတာပေါ့။ တိုင်းတရားသူကြီး နှစ်ယောက်နဲ့ ဘားအံထောင်ထဲမှာပဲ စစ်တယ်”

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် တာဝန်ထမ်းဆောင်စဥ်။ (File Photo: RFA)

အခုစွဲချက်တင်ထားတဲ့ အဂတိလိုက်စားမှုတွေအရ အနည်းဆုံး ထောင်ဒဏ် ၇ နှစ်ကနေ ၁၅ နှစ်အထိ ချမှတ်ခံရနိုင်တယ်လို့ ဆိုပါတယ်။ ငွေကြေးဆိုင်ရာ ပြသနာတွေနဲ့ စွဲချက်တင်ထားပေမယ့် သက်သေခံပစ္စည်းအဖြစ် တစုံတရာကိုမျှ တရားလိုဘက်က တင်ပြနိုင်ခြင်း မရှိဘူးလို့လည်း ဦးအောင်သိန်းက ပြောပါတယ်။ လက်ရှိ စွဲချက်တင်ခံထားရတဲ့အမှုတွေထဲမှာ ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် အစိုးရရုံးကားနဲ့ တာဝန်အရ ခရီးသွားစဉ်က အဲဒီယာဉ်စက်ချို့ယွင်းပြီး သစ်ပင်တပင်ကို ဝင်ရောက် တိုက်ခိုက်ကာ ဒေါ်နန်းခင်ထွေးမြင့် ခြေထောက်ကျိုးသွားခဲ့တဲ့အတွက် ဆေးကုသစရိတ်အဖြစ် အစိုးရပိုင်ငွေ သိန်း ၅ဝ ကို သုံးစွဲခဲ့တဲ့ အမှုလည်း ပါဝင်တယ်လို့ သိရပါတယ်။

“ဒေါ်နန်းခင်ထွေးမြင့်က သူဝန်ကြီးချုပ်ဖြစ်တဲ့ကာလမှာ ကားအက်ဆီးဒင့်ဖြစ်တယ်၊ ဖြစ်တော့ ရန်ကုန်ဆေးရုံကြီးမှာ ဆေးကုတယ်။ အဲဒီငွေကို ဘားအံ အစိုးရက ငွေထုတ်တယ်ပေါ့၊ အဲဒီငွေကို သုံးပြီး ၁၅ သိန်းလား ၁၇ သိန်းလား ပြန်သွင်းတယ်။ ဝန်ကြီး အရှိန်အဝါသုံးပြီး သုံးစွဲတယ်ပေါ့။ ခက်တာက သူတို့အဲဒါကို မသိတာလား သိသိကြီးနဲ့ တမင်လုပ်တာလား မသိဘူး။ တကယ်တော့ န.ဝ.တ စစ်အစိုးရလက်ထက်ကတည်းက သူတို့ကြေညာထားတာ ရှိတယ်။ ဝန်ကြီးချုပ်တွေဟာ အခမဲ့ ဆေးကုသခွင့် ရှိတယ်လေ။ အဲဒါနဲ့ ကျနော်က ခုခံတယ်။ ဝန်ကြီးချုပ်ဗျာ အခမဲ့နေထိုင်ခွင့်ပေးတယ် ပြည်တွင်းမှာဆေးဝါးကုသခွင့် ပေးတယ် အစိုးရဆေးရုံတင် မဟုတ်ဘူး။ ပုဂ္ဂလိက ဆေးရုံအတွက်လဲ ပေးတယ်ဆိုတဲ့ သဘောမျိုး သက်ရောက်တယ်။ အခုက ရန်ကုန်ဆေးရုံကြီးမှာ ခြေထောက်ကျိုးလို့ လာပြီးကုသတဲ့လူကို ကုသစရိတ်ကို ခွင့်ပြုထားတာပဲ။ အဲဒါကို သူတို့ ဘယ်လိုတင်လဲ မသိဘူး။ ဒေါ်နန်းခင်ထွေးမြင့်က ဘာလက်မှတ်မှတောင် မထိုးထားဘူး။ ကျနော် အဲဒါပြပြီး မေးတာပေါ့နော်၊ ငြင်းမလား ပြော ဆိုတော့ မငြင်းရဲဘူး သူတို့၊ အဲဒီလိုဖြစ်နေတယ်”

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နဲ့ ခင်ပွန်း ဦးသန့်ဇင်။ (Photo: Nan Khin Htwe Myint/FB)

ဒေါ်နန်းခင်ထွေးမြင့်ကို အခု သူ့ခင်ပွန်း ဦးသန့်ဇင်က အပတ်စဉ် ဘားအံအကျဉ်းထောင်ကိုသွားပြီး စားစရာတွေ ပို့ပေးနေပါတယ်။ ထောင်ဝင်စာမှာ လူချင်းမတွေ့ရပေမယ့် ရုံးချိန်းရှိရင်တော့ တနေကုန် စစ်ဆေးတဲ့အခါ ထမင်းစားချိန်မှာ တွေ့ဆုံပြောဆိုခွင့် ရတယ်လို့ ဦးသန့်ဇင် က RFA ကိုပြောပါတယ်။

“သူ့အမှုမှာ ကျနော့်ကိုလည်း သက်သေအဖြစ် ထည့်ထားတော့ ရုံးချိန်းမှာတွေ့ပြီး စကားပြောလို့ ရတယ်။ ပါဆယ်တော့ ပို့လို့ ရပါတယ်။ ဘားအံထောင်ကို အပတ်စဉ် ကျနော်ကိုယ်တိုင် သွားပို့တယ်။ လိမ္မော်သီးတို့၊ မာလကာသီးတို့၊ တခါတလေ သူက ဝက်သားကြိုက်တယ်ဆိုတော့ ဝက်သားပေါင်းလေး ကျနော်ပေါင်းပြီး ပို့ပေးတယ်။ ညှပ်ခေါက်ဆွဲလေး ကြော်ပေးတယ်။ တခါတလေ ကြက်ကြော်ပေါ့။ ငါးခြောက်ကတော့ ဒီမှာ ကောင်းကောင်းမရဖူး။ မှိုတက်တွေ များတယ်။ မိုးတွင်းလည်း ဆိုတော့လေ။ သူ့ညီမကလည်း စားစရာ ပို့ပေးပါတယ်။ သူ့ကျန်းမာရေးကတော့ ကောင်းပါတယ်၊ နည်းနည်းဝလာတယ်လို့ ကြားတယ်”

ရှေ့နေကြီး ဦးအောင်သိန်းက အခုစွဲချက်တင်ထားတဲ့အမှုတွေနဲ့ ပတ်သက်ပြီး အမှန်တရားတော့ ပေါ်ထွက်စရာ မရှိပါဘူးလို့ သုံးသပ်ပါတယ်။

“ကျနော်လဲသူတို့ကို ပြောထားတယ်။ ဒါ နိုင်ငံရေး အမှု၊ ထောင်ကျချင်အောင် လုပ်တဲ့ ကိစ္စအပေါ်မှာ ထောင်ချမှာပဲ။ အမှန်တရားအတွက် ကျနော်တို့က ခင်ဗျားတို့ ဘယ်လောက် မတရားပြုကျင့် ခံနေရတယ်။ ဘယ်လို အမှုတည်ဆောက်ထားတယ် ဆိုတာ ကျနော်တို့က record ရအောင် မှတ်တမ်းတင်ဖို့အတွက် လာစစ်ပေးတာပဲလို့။ ဒီလိုအမှုမျိုးက ကျနော်တို့အတွေ့အကြုံအရ လွတ်တယ်ဆိုတာ မရှိဘူးလို့။ သူတို့လည်းဒါကို သဘောပေါက်ပါတယ်”

နောက်တကြိမ် ရုံးချိန်းရက်ကို လတ်တလော မသိရသေးဘူးလို့လည်း ဦးအောင်သိန်းက ပြောပါတယ်။ ဦးသန့်ဇင်ကတော့ အခုလို ကိုဗစ်ရောဂါဖြစ်ပွားမှု အလွန်များနေချိန်မှာ သူ့ဇနီးရဲ့ ကျန်းမာရေးအတွက် စိုးရိမ်ပူပန်နေတယ်လို့ ပြောပါတယ်။ ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ဟာ အခု အသက် ၆၇ နှစ် ရှိပြီ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org