ဖာပွန်မြို့က တပ်စခန်းတွေ ရုပ်သိမ်းပေးဖို့ ဒေသခံထောင်နဲ့ချီ ဆန္ဒပြတောင်းဆို
ကရင်ပြည်နယ် ဖာပွန်မြို့နယ်အတွင်း တပ်စွဲထားတဲ့ တပ်မတော်စစ်စခန်းတွေကို ပြန်လည်ရုပ်သိမ်းပေးဖို့နဲ့ သေဆုံးသွားတဲ့ ဒေသခံတွေအတွက် တရားမျှတမှုရရှိဖို့ ဒုတိယအကြိမ်အဖြစ် ဖာပွန်ဒေသခံ ငါးထောင်နီးပါး ဒီနေ့ ဆန္ဒပြတောင်းဆိုလိုက်ကြပါတယ်။
-
ကျော်လွင်ဦး
2020-07-28 -
-
-
ဖာပွန်မြို့နယ် ပိုလိုးထာကျေးရွာသူ နော်မုနော်ကို တပ်မတော်သားနှစ်ဦး သတ်ဖြတ်ခဲ့တဲ့ဖြစ်စဉ်ကြောင့် မကျေနပ် တဲ့ ဒေသခံတွေဟာ သေဆုံးသွားသူတွေအတွက် တရားမျှတမှုရရှိဖို့၊ အလားတူဖြစ်ရပ်တွေ နောင်မဖြစ်ပေါ်ဖို့နဲ့ သူတို့ရဲ့ အသက်အိုးအိမ်စည်းစိမ်လုံခြုံရေးကို စိုးရိမ်တာကြောင့် သူတို့ဒေသမှာရှိနေတဲ့ တပ်မတော်ရဲ့စခန်းလေးခု ကို ဖျက်သိမ်းပေးဖို့ ဒေသခံ ၄၆၀၀ ကျော်က ဒါဒုတိယအကြိမ် ဆန္ဒပြတောင်းဆိုတာ ဖြစ်ပါတယ်။ ဇူလိုင် ၂၂ ရက် နေ့ကလည်း အဲဒီတပ်စခန်း လေးခုရှေ့မှာ ဒေသခံ ၁၅၀၀ ကျော် ဆန္ဒပြခဲ့ကြပါသေးတယ်။
ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်မှုအောက်မှာရှိတဲ့ မူတြောခရိုင်ဥက္ကဋ္ဌ စောခမ်းထယ်က တပ်မတော် စခန်းတွေရှိရင် ဒေသခံတွေအတွက် အန္တရာယ်ရှိပြီး မလုံခြုံတာကြောင့် တပ်စခန်းတွေကို ဖယ်ရှားစေချင်နေ ပါတယ်။
"မြန်မာစစ်တပ်ကနေပြီးတော့ တပ်စခန်းတွေကို ချထားလို့ရှိရင် သူတို့အတွက် အန္တရာယ်ရှိတယ်၊ အနှောင့် အယှက်လည်းရှိတယ်၊ လုပ်ကိုင်စားသောက်ဖို့လည်း လွတ်လွတ်လပ်လပ်မရှိဘူး၊ အဲဒါကြောင့် သူတို့ တပ်စခန်းတွေ ရုပ်သိမ်းပေးဖို့ တောင်းဆိုတာ"
ဆန္ဒပြသူ ၄၆၀၀ ကျော်ဟာ အုပ်စု နှစ်စုခွဲပြီး ကမမောင်းမြို့နယ်ခွဲနဲ့ ဖာပွန်မြို့နယ်တို့မှာ စီတန်းလှည့်လည်ဆန္ဒပြ ခဲ့ကြတာဖြစ်ပါတယ်။ တပ်မတော်ရဲ့ တောင်သုံးလုံးစခန်းနဲ့ ကူးဆိပ်စခန်းတွေရှေ့မှာ ဆန္ဒပြသူတွေက ဒေသခံ တချို့ သတ်ဖြတ်ခံရမှုအတွက် ထိရောက်စွာ အရေးယူဆောင်ရွက်ပေးဖို့၊ တပ်စခန်းတွေ ဆုတ်ခွာပေးဖို့ စတဲ့ တောင်းဆိုချက်တွေကို ကြွေးကြော်ခဲ့ကြတာပါ။
ဆန္ဒပြပွဲမှာပါဝင်တဲ့ ကတိုင်ထိရွာသား စောဘီက တပ်မတော်ဟာ ဒေသခံတွေကို ရန်သူပမာ သဘောထားတယ်လို့ ပြောပါတယ်။
"ကျနော်တို့ ပြည်သူလူထုကိုလေ သူ့ရဲ့ရန်သူမဟုတ်ဘဲ ရန်သူလိုသဘောထားပြီး အပြစ်မရှိအပြစ်ရှာပြီး ပစ်သတ်တယ်၊ ပြီးတော့ လက်နက်ကြီးတွေ သူများရွာထဲပစ်ချတယ်၊ အဲဒါကြောင့် မကျေနပ်တာ"
၂၀၂၀ ခုနှစ် ဇန်နဝါရီကနေ ဇူလိုင်လအတွင်း ဖာပွန်မြို့နယ်မှာ နော်မုနော်အပါအဝင် ဒေသခံ ငါးဦးဟာ တပ်မတော်သားတွေရဲ့ သတ်ဖြတ်ခံခဲ့ရတယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။ ဒါ့အပြင် ကျေးရွာတွေထဲကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေကိုလည်း ဒေသခံတွေက ကန့်ကွက်နေကြတာပါ။
ဒေသခံတွေ သွားလာလှုပ်ရှားနေတဲ့လမ်းတွေ၊ လုပ်ကိုင်စားသောက်နေတဲ့ ဥယျာဉ်တောင်ယာတွေအနီးမှာ တပ်မတော်ရဲ့ ကင်းပုန်းစခန်းတွေ ရှိနေတာတွေဟာလည်း ဒေသခံတွေကို မလုံခြုံစေဘူးလို့ဆိုပါတယ်။ ဖာပွန် ဒေသခံတွေဟာ တပ်မတော်ရဲ့ မယ်ဝေစခန်း၊ ကေကိုစခန်း၊ ဝေါမူစခန်းနဲ့ ခူသူထာစခန်းတွေကို ဖယ်ရှားပေးဖို့ တောင်းဆိုကြတာပါ။
ဒီနေ့ ဒေသခံအင်အား ၄၆၀၀ ကျော် ပါဝင်ဆန္ဒပြတာဟာ ကရင်ပြည်နယ်မှာ လူအင်အားအများဆုံး ဆန္ဒပြပွဲလည်း ဖြစ်ပါတယ်။
"ဒီနှစ်အတွင်းမှာဆိုရင် ဒေသခံတွေ ပစ်သတ်ခံရတာတွေ များလာတာ၊ သူတို့ဒေသမှာ စစ်တပ်တွေများလာ တာ၊ လုပ်ကိုင်စားသောက်တဲ့နေရာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ၊ ဒါမျိုးကများလာတော့ ပြည်သူ တွေက မခံနိုင်တော့ဘဲ လမ်းပေါ်ထွက်လာပြီး တောင်းဆိုတာပေါ့နော်၊ ဒါကတော့ ပြောရမယ်ဆိုရင် ပထမဆုံး အကြီးဆုံး ဆန္ဒပြပွဲတခုပေါ့"
Karen Peace Support Network ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက်က နော်ဝါးခူရှီး ပြောသွား တာပါ။
နော်မုနော် အသတ်ခံရတဲ့ကိစ္စကို စုံစမ်းဖော်ထုတ်ပေးဖို့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ JMC ကို တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်မှာ လက်မှတ်ထိုးထားတဲ့ ကရင်အမျိုးသား အစည်းအရုံး KNU က တင်ပြထားပါတယ်။
အဲဒီတင်ပြချက်နဲ့ ပတ်သက်လို့ တစ်စုံတစ်ရာ အကြောင်းပြန်လာတာ မရှိသေးဘူးလို့ KNU ရဲ့ တပ်မဟာ ၅ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စောအဲဒို က ပြောပါတယ်။
“ထူးထူးထွေထွေ အကြောင်းပြန်လာတာမရှိဘူး။ နောက် JMC အစည်းအဝေးမှာ ကျွန်တော်တို့ လူကြီးတွေ ထည့်သွင်းညှိနှိုင်း ဆွေးနွေးကြမယ်လို့ထင်တယ်”
JMC-U တာဝန်ရှိသူ စောမက်သယူးအေးကတော့ KNU ရဲ့ တိုင်စာကို မရသေးတာကြောင့် ဘာမှဆက်လက် ဆောင်ရွက်လို့ မရသေးဘူးလို့ တုံ့ပြန်ပါတယ်။
“သူတို့ကျူးလွန်တာတော့ ဟုတ်တယ်။ ဒါပေမဲ့ တိုင်စာက ကျွန်တော်တို့ဆီ မရောက်လာဘူး။ ကိုယ့်ဆီ တိုက်ရိုက်မရောက်လာတော့ စာရွက်စာတမ်းဘာညာလည်းမရှိတော့ ပြောရခက်တယ်၊ ရောက်လာခဲ့ရင် ကျွန်တော်တို့က ချက်ချင်းဖြေရှင်းပေးရမှာပေါ့။”
တပ်မတော်စခန်းတွေ ရုပ်သိမ်းဖို့ လူအင်အားထောင်နဲ့ချီ ဒီနေ့ ဆန္ဒပြတောင်းဆိုလိုက်တာနဲ့ ပတ်သက်လို့ အရှေ့တောင်စစ်ဌာနချုပ်ပြောရေးဆိုခွင့်ရှိသူ မောင်မောင်လတ်၊ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဒုဥက္ကဋ္ဌ ဗိုလ်ချုပ် ထွန်းထွန်းညီနဲ့ အဖွဲ့ဝင် ဗိုလ်မှူးချုပ်ဇော်မင်းထွန်း တို့ကို မေးမြန်းဖို့ RFA က အကြိမ်ကြိမ် ကြိုးစားပေမယ့် ဆက်သွယ်လို့မရပါဘူး။
ဇူလိုင် ၂၂ ရက်နေ့က ဆန္ဒပြပွဲနဲ့ ပတ်သက်လို့တော့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ် ထွန်းထွန်းညီက သူ့အနေနဲ့ မှတ်ချက်ပေးစရာမရှိကြောင်းနဲ့ ပိုလိုးထာရွာသူ နော်မုနော်ကို သတ်ဖြတ်လုယက်ခဲ့တဲ့ တပ်မတော်သားနှစ်ယောက်ကို စစ်စည်းမျဉ်း၊ စည်းကမ်းတွေနဲ့အညီ ထိထိရောက်ရောက် အရေးယူသွားမယ် လို့သာ တုံ့ပြန်ပြောဆိုခဲ့ပါတယ်။
သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့ အမှုဆောင်ဒါရိုက်တာ ဦးနိုင်ဆွေဦး က ဒေသခံတွေရဲ့ တောင်းဆိုချက်ဟာ လက်တွေ့မကျဘူးလို့ ဝေဖန်ပါတယ်။
“တပ်မတော်သား တစ်ယောက်ယောက်က တစ်ခုခုသော ရာဇဝတ်မှုကျူးလွန်လိုက်လို့ ဒီနေရာမှာ တပ်စခန်း တွေ မရှိသင့်ဘူး ဆိုတာကတော့ သူတို့ တပ်ထားတဲ့ခေါင်းစဉ်နဲ့ ဖြစ်သွားတဲ့ လက်ရှိအခြေအနေနဲ့က အရမ်း ကွာဟမှုရှိနေတယ်။ တပ်စခန်း ဘာကြောင့်ထားရသလဲဆိုတာက သက်ဆိုင်ရာ စစ်ရေးဗျူဟာအမြင်တွေ နယ်မြေလုံခြုံရေးအခြေအနေတွေ အများကြီးကွာခြားပါတယ်။ ဆိုလိုတာကတော့ လူတွေရဲ့ စိတ်ခံစားချက် အရ တစ်ခုခုကြောင့် အပြစ်ကျူးလွန်ခဲ့တဲ့ တပ်မတော်သားအပေါ် အကြောင်းပြုပြီး တပ်စခန်းတွေ ရွှေ့ပေးပါ ပြောင်းပေးပါ ဆိုတာကတော့ လက်ရှိအခြေအနေအရတော့ သိပ်ပြီးကိုက်ညီတဲ့ တောင်းဆိုမှုမျိုးတော့ မဟုတ် ဘူး။ အပြစ်ကျူးလွန်ခဲ့တဲ့သူတွေကို မှန်ကန်တဲ့ တရားစီရင်မှုအောက်မှာရှိအောင် မှန်မှန်ကန်ကန် အပြစ်ပေး နိုင်အောင် ဒါမျိုးတောင်းဆိုတာက ပိုပြီးဖြစ်သင့်တယ်လို့ သုံးသပ်ပါတယ်။”
KNU ဒုဥက္ကဋ္ဌဟောင်း နော်စီဖိုးရာစိန် ဦးဆောင်တဲ့ KNU Concerned Group ကတော့ တပ်မတော်ရဲ့ အခုလို လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ရပ်တန့်အောင် နိုင်ငံတကာအဖွဲ့အစည်းတွေဘက်က စုံစမ်းစစ်ဆေးဖို့ တောင်းဆိုထားပါတယ်။
KNU Concerned Group က ဗိုလ်ချုပ်စောနယ်ဒါးမြက နောင်မှာ အလားတူ အဖြစ်အပျက်တွေ ထပ်ဖြစ်လာရင် သည်းခံနိုင်မှာ မဟုတ်ဘူးလို့ RFA ကရင်တိုင်းရင်းသားဘာသာ အစီအစဉ်ကို ပြောခဲ့ပါတယ်။
“အခု မြန်မာတပ်မတော်ကို ICJ မှာ အရေးယူထားတာ မပြီးသေးဘူး။ ဒါကြောင့် ICJ ကို တွန်းအားပေးရမယ်။ ဒီအကြောင်းအရာတွေနဲ့ ပတ်သက်ပြီး တာဝန်ယူသူတွေကို ဓာတ်ပုံတွေပို့ပြီး တင်ပြရမယ်။ သတ်ဖြတ်မှုတစ်ခု ဒီကနေ့ဖြစ်ရင် မနက်ဖြန် တင်ပြနိုင်ရမယ်။ ကြာသွားရင် ဘယ်သူကမှ ဂရုမစိုက်တော့ဘူး။ အထူးသဖြင့် လူမှု ရေးအဖွဲ့အစည်းတွေက အဖြစ်အပျက် အကြောင်းအရာတွေကို အချိန်မီရယူပြီး UN ကို အချိန်မီတင်ပြနိုင်ဖို့ ကြိုးစားရမယ်။ နောက်တစ်ခုက အခုလို အဖြစ်အပျက်တွေဖြစ်လာရင် ကျွန်တော်တို့ တပ်မတော်ဘက်က လည်း တခါတည်း လက်တုံ့ပြန်ရမယ်။ မလုပ်ရင် ကျွန်တော်တို့လူမျိုးတွေ အခုထက်ပိုပြီး ဒုက္ခရောက်မယ်”
KNU တပ်မဟာ အမှတ် ၅ တည်ရှိရာ ဖာပွန်ခရိုင်မှာ တပ်မတော်က လမ်းဖောက်ဖို့ ဝင်ရောက်တာတွေကြောင့် မကြာခဏဆိုသလို KNU နဲ့ တိုက်ပွဲဖြစ်လေ့ရှိပြီး ဒေသခံတွေလည်း အိုးအိမ်စွန့်ခွာထွက်ပြေးရလေ့ရှိပါတယ်။