စစ်ကောင်စီတပ်တွေနဲ့ ကရင်နီပူးပေါင်းတပ်တို့ လေးရက်တာ တိုက်ပွဲဖြစ်ပွား
ကယား (ကရင်နီ) ပြည်နယ် ဒီးမော့ဆိုနဲ့ ဖရူဆိုမြို့နယ်ထဲမှာ လေးရက်အတွင်း တိုက်ပွဲ သုံးနေရာဖြစ်ပွားပြီး စစ်ကောင်စီဘက်က လေးယောက် သေဆုံးခဲ့တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ပြောခွင့်ရသူတစ်ဦးက ပြောပါတယ်။
- 2021-12-13
-
-
-
ကယားပြည်နယ်မှာ KNDF တပ်ဖွဲ့ဝင်တွေကို တွေ့ရစဥ်
Photo: KNDF
ကယား (ကရင်နီ) ပြည်နယ် ဒီးမော့ဆိုနဲ့ ဖရူဆိုမြို့နယ်ထဲမှာ လေးရက်အတွင်း တိုက်ပွဲ သုံးနေရာဖြစ်ပွားပြီး စစ်ကောင်စီဘက်က လေးယောက် သေဆုံးခဲ့တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ပြောခွင့်ရသူတစ်ဦးက ပြောပါတယ်။
ဒီဇင်ဘာ ၉ ရက်ကစပြီး ဒီးမော့ဆိုနဲ့ ဖရူဆိုမြို့နယ်တွေထဲ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ KNDF နဲ့ KA ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ (KNDF) က ပြောခွင့်ရသူတစ်ဦးက ပြောပါတယ်။
"အဓိကကတော့ စစ်တပ်က အဲဒီနီးနားတဝိုက်မှာ လှုပ်ရှားမှုရှိနေတယ်။ ဒါကြောင့် ကျနော်တို့နဲ့ ထိပ်တိုက်တွေ့တော့ တိုက်ပွဲဖြစ်တယ်။ အဲဒီမှာက မကြာခဏဆိုသလို တိုက်ပွဲဖြစ်တဲ့နေရာပါပဲ"
ဒီဇင်ဘာ ၁၁ ရက်ညက ဖရူဆိုမြို့နယ် ခမရ (၄၂၈) တပ်နဲ့ ရဲစခန်းကို KNDF နဲ့ KA တို့က ဝင်ရောက် တိုက်ခိုက်ခဲ့ချိန် စစ်ကောင်စီတပ်သား လေးယောက် သေဆုံးခဲ့တယ်လို့ KNDF က ထုတ်ပြန်ထားတာပါတယ်။
စစ်ကောင်စီတပ်တွေဟာ အင်အားတိုးမြင့်ချထားတဲ့အတွက် တိုက်ပွဲတွေ မကြာခဏ ဖြစ်နိုင်ပြီး စစ်ရေး တင်းမာနေတာမို့ ဒေသခံတွေက အကြောင်းမဲ့ ခရီးသွားတာတွေ မလုပ်ကြဖို့ KNDF တာဝန်ရှိသူတွေက သတိပေးထားပါတယ်။
ဒီဇင်ဘာလ ၁၂ ရက်က ဒီးမော့ဆိုမြို့နယ် ထူးလွီးဘီလာရွာ ခြေတော်ရာ ဘုရားတောင်ခြေအနီးမှာ စစ်ကောင်စီတပ်နဲ့ KNDF နဲ့ KA ပူးပေါင်းတပ်တို့ လေးနာရီအကြာတိုက်ပွဲဖြစ်ခဲ့ကြပါတယ်။ အဲဒီတိုက်ပွဲ မှာတော့ ထိခိုက်မှုတွေရှိပေမယ်လို့ သေဆုံးမှု သတင်းအတိအကျ မသိရနိုင်သေးဘူးလို့ KNDF တာဝန်ရှိသူက ဆိုပါတယ်။
ဒီဇင်ဘာလ ၉ ရက်မှာ ဒီးမော့ဆိုမြို့နယ် ဒေါမတငယ်ရွာနဲ့ ထူးလွီးဘီလာရွာ ငွေတောင်ရွာသစ်ကြားမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး KNDF ဘက်က တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ KNDF က ပြောပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် မေလ ၂၀ ရက်ကစပြီး ဒီနေ့အထိ ကယား (ကရင်နီ) ပြည်နယ်ထဲမှာ တိုက်ပွဲပေါင်း တစ်ရာကျော်ရှိခဲ့ပြီး ဒီးမော့ဆို၊ ဖရူဆို နဲ့ လွိုင်ကော်မြို့နယ်ထဲ စစ်ဘေးဒုက္ခသည် တစ်သိန်းခွဲကျော် ရှိနေပါတယ်။