ရှားတောမြို့ကို ထိန်းချုပ်လိုက်ကြောင်း KNDF ပြော
ကယားပြည်နယ် ရှားတောမြို့ကို ဖေဖော်ဝါရီ ၁၂ ရက်နေ့ကစပြီး အလုံးစုံ ထိန်းချုပ်နိုင်လိုက်ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်မတော် (KNDF) က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။
-
RFA Burmese
2024-02-15 -
-
-
ကယားပြည်နယ် ရှားတောမြို့ကို ဖေဖော်ဝါရီ ၁၂ ရက်နေ့ကစပြီး အလုံးစုံ ထိန်းချုပ်နိုင်လိုက်ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်မတော် (KNDF) က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၅ ရက်နေ့ကစလို့ ရှားတောမြို့ ဗျူဟာကုန်းကို ဝန်းရံထားတဲ့ ကာကင်းစခန်းတွေကို စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဇန်နဝါရီလ ၂၁ နေ့မှာတော့ ဗျူဟာကုန်းစခန်းကို ဝိုင်းရံပိတ်ဆို့ထားနိုင်ခဲ့တာလို့ ဆိုပါတယ်။
ဗျူဟာကုန်းစခန်းမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လက်နက်ချဖို့ ပြောခဲ့ပေမဲ့ ခံစစ်ပြင်ပြီး ပြန်လည်ခုခံတာကြောင့် အခုလ ၁၂ ရက်နေ့မှာ ဗျူဟာကုန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNDF က ဆိုပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်းကနေ ရဟတ်ယာဉ် သုံးစင်းနဲ့ စစ်ကူပို့ခဲ့တဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၇၀ ကျော်ကိုလည်း တိုက်ခိုက်နိုင်ခဲ့တယ်လို့ KNDF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တိုက်ပွဲအတွင်း ခြေမြန်တပ်ရင်း (ခမရ - ၄၂၈)၊ ခြေလျင်တပ်ရင်း (ခလရ - ၂၄၉)၊ ထောက်ပို့တပ်၊ စစ်အင်ဂျင်နီယာတပ်၊ ရဲတပ်ဖွဲ့ဝင်အားလုံးကို တိုက်ခိုက်နိုင်ခဲ့သလို ဗိုလ်မှူးကြီး၊ ဒုဗိုလ်မှူးကြီး အဆင့်တွေအပါအဝင် စစ်ကောင်စီတပ်သား ၁၆၀ ကျော် သေဆုံးခဲ့ပြီး ဖမ်းဆီးရမိသူတွေလည်းရှိတယ်လို့ KNDF ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးမှုအခြေအနေနဲ့ ပတ်သက်လို့ RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သလို စစ်ကောင်စီဘက်ကလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
KNDF ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။
တိုက်ပွဲအတွင်း KNDF ရဲဘော် သုံးဦး သေဆုံးပြီး အခြားတပ်ရင်းတွေဖြစ်တဲ့ ကရင်နီတပ်မတော် (KA)၊ Loikaw PDF က ရဲဘော်တွေလည်း သေဆုံးခဲ့တယ်လို့ KNDF က ပြောပါတယ်။
တိုက်ပွဲအတွင်းမှာ စစ်ကောင်စီက ဂျက်တိုက်လေယာဉ် Y12 Drop တွေကို အသုံးပြုပြီးလေကြောင်းကနေ အကြိမ် ၂၀၀ ကျော် ပစ်ကူပေးခဲ့တယ်လို့ KNDF က ဖော်ပြပါတယ်။