ကော့ကရိတ်မြို့နယ် ကော့ဘိန်းနယ်မြေရဲစခန်းကို KNLA ပူးပေါင်းတပ်တွေ သိမ်းယူ

ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းရွာက နယ်မြေရဲစခန်းကို မတ် ၂၅ ရက်မှာ KNLA ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းယူခဲ့တယ်လို့ တိုက်ပွဲအတွင်းပါဝင်တဲ့ Lion Battalion စစ်ကြောင်းက ထုတ်ပြန်ပါတယ်။

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းရွာက နယ်မြေရဲစခန်းကို တိုက်ခိုက်သိမ်းယူပြီးနောက် ရရှိခဲ့သည့် လက်နက်ခဲယမ်းများနှင့်အတူ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့ဝင်အချို့အား ၂၀၂၄ ခုနှစ်၊ မတ်လ ၂၅ ရက်နေ့က တွေ့ရစဉ်။ Screenshot: Lion Battalion Commando-ဗျူဟာစစ်ကြောင်း - Facebook Video

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းရွာက နယ်မြေရဲစခန်းကို မတ်လ ၂၅ ရက်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းယူခဲ့တယ်လို့ တိုက်ပွဲအတွင်းပါဝင်တဲ့ Lion Battalion စစ်ကြောင်းက ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦး သေဆုံးပြီး ၂၃ ဦးနဲ့ မိသားစုဝင် ၁၈ ဦးကို ဖမ်းဆီးနိုင်ခဲ့သလို လက်နက် ၂၇ လက် သိမ်းယူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးရမိသူတွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဆီ လွှဲပြောင်းပေးလိုက်ပြီလို့ Lion Battalion စစ်ကြောင်းရဲ့ မတ်လ ၂၆ ရက် ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

တိုက်ပွဲအတွင်း လက်နက်ကြီးထိမှန်လို့ အရပ်သားလေးဦးလည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

"ကော့ဘိန်းကျေးရွာအုပ်စုက သုံးယောက်ထိတယ်။ နောက်အနီးမှာရှိတဲ့ ရွာတစ်ရွာက တစ်ယောက် ဒဏ်ရာရတယ်။ မနေ့က တိုက်ပွဲမှာပေါ့"

ကော့ဘိန်းရွာနဲ့အနီးအနားက ဒေသခံတွေလည်း တိုက်ပွဲစတင်ဖြစ်ပွားတဲ့ မတ်လ ၂၄ ရက်ကစလို့ ထွက်ပြေးတိမ်းရှောင်နေတယ်လို့ သူက ပြောပါတယ်။

တိုက်ပွဲအခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ကရင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးစောခင်မောင်မြင့်ကို တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။

ကော့ကရိတ်မြို့နယ်၊ ကျိုက်ဒုံမြို့အနီးက စစ်ကောင်စီတပ်ရဲ့ မဲသရောထစခန်းကုန်းကိုလည်း မတ်လ ၁၉ ရက်က KNLA ပူးပေါင်းတပ်ဖွဲ့က သိမ်းယူခဲ့ပါတယ်။

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ စာရင်းတွေအရ ကရင်ပြည်နယ်မှာ စစ်ရေးပဋိပက္ခတွေကြောင့် ဒုက္ခသည် နှစ်သိန်းနီးပါး ရှိပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org