ကောလင်းမှာ ဘုန်းကြီးကျောင်းတစ်ကျောင်း ဗုံးကြဲတိုက်ခိုက်ခံရ
စစ်တပ်က အာဏာသိမ်းပြီးနောက် ကောလင်းမှာ လေကြောင်းတိုက်ခိုက်ခံရမှု လေးကြိမ်ထိရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
- 2023-01-20
-
-
-
စစ်ကိုင်းတိုင်း ကောလင်းမြို့နယ် ကျောက်ပြင်သားရွာက ဘုန်းကြီးကျောင်းကို စစ်ကောင်စီက ဂျက်တိုက်လေယာဉ်တစ်စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။
ဇန်နဝါရီလ ၁၉ ရက် မနေ့ညနေပိုင်းက ရွာသားတွေ အစည်းအဝေးလုပ်လေ့ရှိတဲ့ အဲဒီဘုန်းကြီးကျောင်းထဲက ဓမ္မာရုံကို ပစ်မှတ်ထားတိုက်ခိုက်သွားတာလို့ ဆိုပါတယ်။
ဒေသခံတစ်ဦးက "စမ္မစကိုလ်းကျောင်း ဓမ္မာရုံ ပျက်သွားတယ်၊ ပြည်သူတွေတော့ ထိခိုက်တာ မရှိဘူး”လို့ RFA ကိုပြောပါတယ်။ တိုက်ပွဲဖြစ်တာမရှိဘဲ အကြောင်းမဲ့ လာပစ်သွားတာလို့လည်း ပြောပါတယ်။
ပစ်ခတ်တိုက်ခိုက်ခံရတဲ့ ဓမ္မာရုံဟာ ရွာသားတွေစုပြီး ရပ်ရေးရွာရေး အစည်းအဝေးလုပ်တဲ့နေရာဖြစ်ပြီး၊ ရွာသားတွေစုရုံး အစည်းအဝေးလုပ်နေတယ်လို့ သတင်းရတာကြောင့် လာပစ်တာဖြစ်နိုင်တယ်လို့လည်း ဆိုပါတယ်။
ကောလင်း PDF တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက “ရပ်ရွာအရေးအတွက် ပြည်သူတွေ လုပ်တဲ့အစည်းအဝေးလုပ်နေတာ၊ မနေ့က အစည်းအဝေးအပြီး မိနစ်နှစ်ဆယ်လောက်မှာ လာပစ်သွားတာ။ လာပစ်ချိန် အစည်းအဝေးပြီးသွားပြီဆိုတော့ လူထိခိုက်တာမရှိဘူး၊ ပြည်သူနေနေ တော်လှန်ရေးအဖွဲ့ပဲနေနေ သူတို့(စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ)က ခွဲခြားပြီးမမြင်ပါဘူးဗျ” လို့ ပြောပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက် ကောလင်းမှာ လေကြောင်းတိုက်ခိုက်ခံရမှု လေးကြိမ်ထိရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ ပြီးခဲ့တဲ့နှစ် ဩဂုတ်လထဲမှာ စစ်ကောင်စီဟာ ဂျက်တိုက်လေယာဉ်နဲ့ ကောလင်းမြို့နယ် သစ်ဆိမ့်ကုန်းရွာကို တိုက်ခိုက်ခဲ့လို့ ကိုယ်ဝန်ကိုးလလွယ်ထားတဲ့ အမျိုးသမီးတစ်ဦး အပါအဝင် အရပ်သားလေးဦး သေဆုံးခဲ့ပါတယ်။
အရပ်သားတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ မလုပ်ဖို့ နိုင်ငံတကာက တောင်းဆိုနေပေမဲ့ စစ်ကောင်စီကတော့ ရပ်မသွားဘဲ လေကြောင်းတိုက်ခိုက်တာတွေ ဆက်ရှိနေပါတယ်။