ကောလင်းမြို့ထဲကို စစ်ကောင်စီတပ် ဝင်ရောက်လာကြောင်း KR ထုတ်ပြန်

စစ်ကိုင်းတိုင်း ကောလင်းမြို့ကို စစ်ကောင်စီက လေကြောင်းအပါအဝင် အင်အားသုံး ထိုးစစ်ဆင်နေပြီး ဖေဖော်ဝါရီ ၈ ရက်နေ့က ကောလင်းမြို့ထဲအထိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်ရောက်လာကြောင်း ကောလင်းတော်လှန်ရေးအဖွဲ့ (KR) က သတင်းထုတ်ပြန်ပါတယ်။

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့က တွေ့ရစဉ်။ Kawlin Revolution – KR

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထိန်းချုပ်ထားတဲ့ စစ်ကိုင်းတိုင်း ကောလင်းမြို့ကို စစ်ကောင်စီက လေကြောင်းအပါအဝင် အင်အားသုံးပြီး ထိုးစစ်ဆင်နေရာမှာ ဖေဖော်ဝါရီ ၈ ရက်နေ့က ကောလင်းမြို့ထဲအထိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်ရောက်လာကြောင်း ကောလင်းတော်လှန်ရေးအဖွဲ့ (KR) က ဖေဖော်ဝါရီ ၈ ရက်နေ့ညမှာ သတင်းထုတ်ပြန်ပါတယ်။

ကောလင်းမြို့မကျအောင် ခုခံတိုက်ခိုက်နေကြောင်းနဲ့ စစ်ကောင်စီတပ်သားတွေ မြို့ထဲထိဝင်ရောက်လာတဲ့ သတင်းတွေတွေ့ရပေမဲ့ အတည်မပြုနိုင်သေးဘူးလို့ NUG ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က RFA ကို ပြောပါတယ်။

"စကစက ကောလင်းကိုရဖို့ အင်အားအလုံးအရင်းသုံးပြီး စစ်သားပေါင်းမြောက်များစွာ၊ လေကြောင်း၊ အမြှောက်ကြီးတွေ အကူအညီယူပြီး တိုက်နေတာရှိပါတယ်၊ ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေက အစီအစဉ်ချထားတဲ့အတိုင်း ကာကွယ်တွန်းလှန်တိုက်ခိုက်နေပါတယ်၊ ကောလင်းမြို့ထဲကို စစ်ကောင်စီတပ်သားတွေ ဝင်လာတယ်လို့ပြောတဲ့သတင်းတွေတွေ့ပါတယ်၊ ဒါပေမဲ့ ကျွန်တော်တော့ အတည်မပြုနိုင်သေးပါဘူး။"

ကောလင်းမြို့ကာကွယ်ရေးလုပ်ငန်းတွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အမှတ် (၁) စစ်ဒေသမှူးရဲ့ ကွပ်ကဲမှုအောက်ကနေ ဆောင်ရွက်နေပြီး စစ်ရေးကိစ္စဖြစ်တာကြောင့် အသေးစိတ်အခြေအနေကို ပြောလို့မရဘူးလို့ ဦးကျော်ဇော်က ပြောပါတယ်။

ဖေဖော်ဝါရီ ၈ ရက်နေ့ည ၈ နာရီအထိတော့ စစ်ကောင်စီက ကောလင်းမြို့ကို အပြည့်အဝ ထိန်းချုပ်နိုင်တာမရှိသေးကြောင်းနဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေက ကောလင်းမြို့မကျအောင် ခုခံကာကွယ်နေတယ်လို့ KR အဖွဲ့က ပြောထားပါတယ်။

ဒီလိုခုခံတိုက်ခိုက်မှုတွေကြောင့် စစ်ကောင်စီစစ်ကြောင်းတချို့ ဆုတ်ခွာသွားတယ်လို့လည်း ဆိုပါတယ်။

တိုက်ပွဲကြောင့် ကောလင်းဒေသခံအများစု ဘေးလွတ်ရာကိုထွက်ပြေးနေရပါတယ်။ လက်ရှိအချိန်ထိလည်း ကောလင်းမြို့ထဲမှာ ဖုန်းလိုင်းတွေ ဖြတ်တောက်ခံထားရပြီး ဆက်သွယ်ရေးခက်ခဲနေတယ်လို့ ကောလင်းဒေသခံတစ်ဦးက ပြောပါတယ်။

ကောလင်းမြို့တိုက်ပွဲအခြေအနေနဲ့ စစ်ကောင်စီထိုးစစ်ဆင်နေလို့ ဒေသခံတွေ ထွက်ပြေးနေရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ စစ်ကိုင်းတိုင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က မေးမြန်းဖို့ ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။

ကောလင်းမြို့ကို ၂၀၂၃ နိုဝင်ဘာလ ၆ ရက်နေ့မှာ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့ပူးပေါင်းပြီး တိုက်ခိုက်သိမ်းယူခဲ့တာပါ။ အဲဒီနောက် ဒီဇင်ဘာ ၃ ရက်နေ့ကစပြီး ကောလင်းမြို့ရဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနဲ့ စီးပွားရေး ကိစ္စတွေအပါအဝင် လိုအပ်တာတွေဆောင်ရွက်ဖို့ ကြားကာလဒေသန္တရအုပ်ချုပ်ရေးအဖွဲ့တွေဖွဲ့စည်းပြီး အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) က စီမံခန့်ခွဲနေတာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org