ကောလင်းတိုက်ပွဲ ဆက်လက်ပြင်းထန်နေဆဲ
ကောလင်းမြို့ကို ပြန်လည်သိမ်းယူဖို့ စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင် တိုက်ခိုက်နေရာမှာ ဒီနေ့အထိ နှစ်ဖက်တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေဆဲဖြစ်ပါတယ်။
-
RFA Burmese
2024-02-09 -
-
-
စစ်ကိုင်းတိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ကောလင်းမြို့ကို ပြန်လည်သိမ်းယူဖို့ စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၃ နေ့ကစလို့ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင် တိုက်ခိုက်နေရာမှာ ဒီနေ့အထိ နှစ်ဖက်တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေဆဲဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က ပြောပါတယ်။
ဖေဖော်ဝါရီ ၈ ရက် မနေ့ကတော့ စစ်ကောင်စီတပ်စစ်ကြောင်းက ကောလင်းမြို့အတွင်းထဲထိ ထိုးဖောက်ဝင်ရောက်သွားပြီး နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေသလို စစ်ကောင်စီဘက်က လေကြောင်းရော၊ လက်နက်ကြီးတွေပါ အဆက်အပြတ် အသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီနေ့ မနက်ပိုင်းမှာတော့ ကောလင်းမြို့ထဲဝင်လာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းကို မြို့အပြင်ဘက်ကို ပြန်လည်တိုက်ထုတ်ထားနိုင်တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့က တာဝန်ရှိသူ တစ်ဦးက RFA ကို ပြောပါတယ်။
“မနေ့ညက တိုက်ပွဲတွေဖြစ်တယ်။ ဝန်သိုကြီးကနေ လက်နက်ကြီးနဲ့လည်း တစ်ညလုံးနီးနီးကို ပစ်နေတာ။ စကစက သာလွန်အင်အားသုံးပြီး မရရအောင် လိုချင်နေတာ။ လက်ရှိအထိတော့ တော်လှန်ရေးတပ်ဘက်ကနေ မြို့ကိုထိန်းထားနိုင်ဆဲပါ။ မြို့ထဲက စစ်ကြောင်းတွေကိုလည်း မြို့ပြင်အထိ တိုက်ထုတ်ထားနိုင်ပြီ”
ကောလင်းမြို့ရဲ့ တောင်ဘက်ခြမ်းကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကြောင်းဟာ ဆိုင်ဒူးရွာဘက်ကို ဆုတ်သွားပြီး မြို့မြောက်ဘက်ခြမ်းကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကြောင်းကတော့ ကျွန်းလှခုံရွာဘက်ကို ဆုတ်သွားတယ်လို့ ပြောပါတယ်။
စစ်ကောင်စီက ကောလင်းမြို့ကို ပြန်လည်သိမ်းယူနိုင်ဖို့ အင်အား တစ်ရာနီးပါးစီပါတဲ့ စစ်ကြောင်းလေးကြောင်းနဲ့ မြို့ကို တောင်နဲ့မြောက် ညှပ်ပိတ်ပြီး စစ်ကြောင်းထိုးလာတာလို့ ကာကွယ်ရေးတပ်တွေက ပြောပါတယ်။
အချိန်တစ်ပတ်ကြာအထိ တိုက်ပွဲပြင်းထန်နေတဲ့ ကောလင်း တိုက်ပွဲအတွင်း နှစ်ဖက်အကျဆုံးရှိပေမယ့် လတ်တလော အခြေနေအရ ထုတ်ပြန်နိုင်ခြင်း မရှိသေးဘူးလို့ ကာကွယ်ရေးတပ်က ပြောပါတယ်။
ဒီဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး မေးမြန်းနိုင်ဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောရေးဆိုခွင့်ရှိသူ တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။
စစ်ကောင်စီဟာ စစ်ကိုင်းထဲက ကောလင်းမြို့အပြင် လက်လွှတ်ခဲ့ရတဲ့ ရွှေပြည်အေးမြို့ကိုပါ ဇန်နဝါရီ ၁၃ ရက်နေ့ကစပြီး ထိုးစစ်ဆင်တိုက်ခိုက်နေပေမယ့် ဒီနေ့အချိန်ထိ ပြန်လည်သိမ်းယူနိုင်တာ မရှိသေးပါဘူး။
ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့ပူးပေါင်းပြီး ၂၀၂၃ နိုဝင်ဘာလ ၆ ရက်နေ့မှာ ကောလင်းမြို့ကို တိုက်ခိုက်သိမ်းယူခဲ့တာပါ။ အဲဒီနောက် ဒီဇင်ဘာ ၃ ရက်နေ့ကစပြီး ကောလင်းမြို့ရဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနဲ့ စီးပွားရေး ကိစ္စတွေကို အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) က စီမံခန့်ခွဲနေတာဖြစ်ပါတယ်။