အနိုင်မရ ပါတီကိုယ်စားလှယ်ရွေးချယ်ပွဲ ပါတီသုံးခု ကန့်ကွက်
၂၁ ရာစု ပင်လုံညီလာခံ တက်ရောက်ဖို့ အတွက် ရွေးကောက်ပွဲမှာ အနိုင်မရ တဲ့ နိုင်ငံရေးပါတီ ၇ဝ ကျော်ကို ကိုယ်စားပြု ဖို့အတွက် ကိုယ်စားလှယ် ၅ ဦး ရွေးချယ်မယ့်ပွဲကို သူတို့ အနေနဲ့ မတက်ရောက်ကြောင်းနဲ့ အဲ့ဒီရွေးချယ်ပွဲကို ကန့်ကွက်ကြောင်း ကယားပြည်နယ် အခြေစိုက် နိုင်ငံရေး ပါတီ ၃ ပါတီက ဒီကနေ့ ကြေညာချက်ထုတ်ပြန်ပါတယ်။
-
2016-08-20 -
-
-
Your browser doesn’t support HTML5 audio
၂၁ ရာစု ပင်လုံညီလာခံ တက်ရောက်ဖို့အတွက် ရွေးကောက်ပွဲမှာ အနိုင်မရတဲ့ နိုင်ငံရေးပါတီ ၇ဝ ကျော်ကို ကိုယ်စားပြု ဖို့အတွက် ကိုယ်စားလှယ် ၅ ဦး ရွေးချယ်မယ့်ပွဲကို သူတို့အနေနဲ့ မတက်ရောက်ကြောင်းနဲ့ အဲ့ဒီရွေးချယ်ပွဲကို ကန့်ကွက်ကြောင်း ကယားပြည်နယ် အခြေစိုက် နိုင်ငံရေးပါတီ ၃ ပါတီက ဒီကနေ့ ကြေညာ ချက်ထုတ်ပြန်ပါတယ်။
ကယားပြည်နယ် အခြေစိုက် လူမျိုးပေါင်းစုံဒီမိုကရေစီပါတီ၊ ကယားလူမျိုးစု ဒီမိုကရေစီပါတီနဲ့ ကယန်းအမျိုးသား ပါတီတို့က ကန့်ကွက်လိုက်တာဖြစ်ပါတယ်။
ရွေးကောက်ပွဲမှာ အနိုင်မရခဲ့တဲ့ပါတီတွေကို ခွဲခြားလိုက်တဲ့အတွက် အဲ့ဒီရွေးချယ်ပွဲကို တက်ရောက်မှာ မဟုတ်ဘူး လို့ ကယန်းအမျိုးသားပါတီ ဥက္ကဌ ခွန်းဘီထူးက ပြောပါတယ်။
"ဒီအနိုင်မရတဲ့ပါတီကိုပဲ ခွဲခြားလိုက်တဲ့ပုံစံမျိုး၊ ဒါမှမဟုတ်လည်း ဒီပါတီတွေအားလုံးက အလကားပါဆိုတဲ့ သတ်မှတ်ချက်မျိုးတွေလုပ်တာတော့ မသင့်တော်ဘူးပေါ့နော်၊ အထူးသဖြင့် အနိုင်ရတဲ့ အစိုးရရဲ့ကျင့်ဝတ် လည်းမဟုတ်ဘူးလို့ ယူဆတယ်၊ စိတ်လည်းမကောင်းဖြစ် တယ်၊ နောက်တစ်ချက်က ကျနော်တို့ကို အဆင့်ခွဲခြားပြီးသတ်မှတ်ရင်တော့ မဖိတ်တာပဲကောင်းပါတယ်၊ ကျနော်တို့လည်း အနိုင်ရတဲ့ အစိုးရရယ်၊ စစ်တပ်ရယ်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ ဆွေးနွေးပြီးမှ အဖြေတွေ တွေ့သွားမယ်ဆိုရင် လည်း ကျနော်တို့က လက်ခုတ်တီး အားပေးပြီးသားပါ"
အဲ့ဒီရွေးချယ်ပွဲကို လာမယ့် သြဂုတ်လ ၂၂ ရက်နေ့မှာ ရန်ကုန်မြို့က အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာန NRPC မှာ ကျင်းပသွားမှာဖြစ်ပါတယ်။
မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီ ၉ဝ ကျော်ထဲက ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ ပါတီ ၂ဝ ကျော်သာ လွှတ်တော် ကိုယ်စားလှယ် နေရာတွေ ရရှိခဲ့တာဖြစ်ပါတယ်။
ဖိတ်ကြားစာမှာ အနိုင်မရတဲ့ ပါတီ ၇ဝ အတွက် ကိုယ်စားလှယ် ၅ ဦးကို ဘယ်လိုပုံစံ ရွေးချယ်သွားမယ်ဆိုတာ နဲ့ ရွေးချယ်ပွဲကို ဘယ်သူတွေဦးဆောင်ပြုလုပ်သွားမယ်ဆိုတာ မပါရှိသေးဘူးလို့လည်း ပြောပါတယ်။
ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အနိုင်မရခဲ့တဲ့ပါတီတွေကို ၂၁ ရာစု ပင်လုံညီလာခံမှာ ပါဝင်သင့် ပါဝင်ထိုက်သူများ အစုအဖွဲ့အနေနဲ့ ခွဲခြားပြီးတက်ရောက်စေတာကို ကန့်ကွက်ရှုတ်ချကြောင်း ကြေညာချက်မှာပါရှိပါတယ်။
၂၁ ရာစု ပင်လုံညီလာခံကို လာမယ့်သြဂုတ်လ ၃၁ ရက်နေ့မှာ နေပြည်တော်မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။
ကယန်းအမျိုးသားပါတီ KNP ဥက္ကဌ ခွန်ဘီထူးကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထား ပါတယ်။