၈၈ မျိုးဆက် အင်အားစုတွေ NLD ပါတီထဲဝင်
ကယားပြည်နယ် ၈၈ မျိုးဆက်အင်အားစု အဖွဲ့ဝင် ၁၀၀နဲ့ မျိုးဆက်သစ်လူငယ်တွေ၊ စိတ်ပါဝင်စား သူတွေ စုစုပေါင်း အယောက် ၆၅၀ ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တွေအဖြစ် ဒီကနေ့ အဆိုပြုလွှာ တင်လိုက်ကြပါတယ်။
-
2017-08-09 -
-
-
ကယားပြည်နယ် ၈၈ မျိုးဆက်အင်အားစု အဖွဲ့ဝင် ၁၀၀နဲ့ မျိုးဆက်သစ်လူငယ်တွေ၊ စိတ်ပါဝင်စားသူတွေ စုစုပေါင်း အယောက် ၆၅၀ ဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီဝင်တွေအဖြစ် ဒီကနေ့ အဆိုပြုလွှာ တင်လိုက်ကြပါတယ်။
NLD ပါတီထဲဝင်မှ ပြည်နယ်အတွက် ထိထိရောက်ရောက် ဆောင်ရွက်ပေးနိုင်မယ်လို့ ယူဆတဲ့အတွက် ပါတီထဲ ဝင်ဖြစ်တာလို့ ကယားပြည်နယ် ၈၈ မျိုးဆက် အင်အားစုရဲ့ပြောရေးဆိုခွင့်ရှိသူ ကိုသက်နောင်ထွန်း က ပြောပါတယ်။
"ရန်ကုန်မှာက တတိယပါတီထောင်မယ်လုပ်တယ်၊ ဒီမှာက ဘာဖြစ်လို့ NLD နဲ့ ပေါင်းကြသလဲ အဲ့လိုမေးခွန်းတွေ မေးပါတယ်၊ ကျနော်တို့က ရှိတာမှ ဒီလူတွေလေ၊ အဲ့ဒါကြောင့်မို့လို့ ကိုယ့်အချင်းချင်း ပေါင်းပြီးတော့ လုပ်တာပေါ့နော်၊ အဲ့လိုမျိုး နေရာဒေသချင်း မတူကြဘူး၊ လက်ရှိ NLD ပါတီထဲကိုဝင်ပြီးလုပ်မှပဲ ထဲထဲဝင်ဝင်နဲ့ ထိထိရောက်ရောက်လုပ်နိုင်မယ်လို့ ယူဆတယ်လေ၊ ပြီးတော့ ပြည်နယ်အတွက်လည်း ထိထိရောက်ရောက် လုပ်ချင်တယ်လေ၊ အဲ့ဒါနဲ့ ဆန္ဒတွေတူညီစွာနဲ့ပဲ ပါတီထဲကို ဝင်ဖြစ်တာပါ"
လူဦးရေ ၃ သိန်းလောက်သာရှိတဲ့ ကယားပြည်နယ်မှာ တတိယပါတီကိုတည်ထောင်ရင် အကွဲကွဲအပြဲပြဲဖြစ်နေမှာ စိုးရိမ်တာကြောင့် ကယားပြည်နယ် ၈၈ မျိုးဆက်အင်အားစု အများစုက အခုလို NLD ပါတီထဲဝင်ဖို့ ဆုံးဖြတ်လိုက် တာဖြစ်တယ်လို့လည်း ကိုသက်နောင်ထွန်း က ပြောပါတယ်။
NLD ပါတီဝင်အဖြစ် အဆိုပြုလွှာပေးအပ်ပွဲကို လွိုင်ကော်မြို့ မြို့နယ်ခန်းမမှာ ဒီကနေ့ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီပွဲကို NLD ပါတီရဲ့ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဒေါက်တာမေဝင်းမြင့် တက်ရောက်ခဲ့ပါတယ်။
ကယားပြည်နယ် ၈၈ မျိုးဆက်အင်အားစုအဖွဲ့ဝင်တွေဟာ လွန်ခဲ့တဲ့ ၁၉၉၀ ရွေးကောက်ပွဲနဲ့ ၂၀၁၅ ရွေးကောက် ပွဲတွေမှာလည်း NLD ပါတီကို ဝန်းရံခဲ့ကြတာဖြစ်ပါတယ်။
လက်ရှိအချိန်မှာ ပြည်နယ်နဲ့ တိုင်းတွေမှာရှိတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်အချို့ဟာ နိုင်ငံရေးပါတီ ထူထောင်ဖို့အတွက် ပြင်ဆင်နေပါတယ်။
အဲဒီ နိုင်ငံရေးပါတီ ဖွဲ့စည်းဖို့အတွက် နိုင်ငံရေးပါတီဖြစ်မြောက်ရေးကော်မတီ ဖွဲ့စည်းခြင်း အခမ်းအနားကို ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက ရန်ကုန်မြို့မှာ ကျင်းပခဲ့ပြီး ဒီနှစ်ကုန်လောက်မှာ ပါတီမှတ်ပုံတင်ဖို့ လျာထားတယ်လို့လည်း သိရပါတယ်။