ကယားပြည်နယ်ထဲ တစ်လအတွင်း တိုက်ပွဲပေါင်း ၃၀ ကျော် ဖြစ်ပွားခဲ့
ကယားပြည်နယ်ထဲမှာ မတ်လ တစ်လအတွင်း စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေကြား တိုက်ပွဲပေါင်း ၃၀ ကျော် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က သေဆုံးသူ ၈၀ ကျော်ရှိခဲ့ပါတယ်။
- 2022-04-02
-
-
-
ကယား (ကရင်နီ) ပြည်နယ်ထဲမှာ မတ်လ တစ်လအတွင်း စစ်ကောင်စီတပ်နဲ့ ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့တွေကြား တိုက်ပွဲပေါင်း ၃၀ ကျော် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က သေဆုံးသူ ၈၀ ကျော်ရှိခဲ့တယ်လို့ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ KNDF က ထုတ်ပြန်ပါတယ်။
မတ်လအတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ၈၆ ယောက် သေဆုံး တယ်လို့ KNDF ရဲ့ မတ်လတစ်လအတွင်း ထုတ်ပြန်ချက်တွေထဲမှာတွေ့ရပြီး KNDF ဘက်ကတော့ ကိုးယောက် သေဆုံးခဲ့ တယ်လို့ ဆိုထားပါတယ်။
ရှမ်း နဲ့ ကယားပြည်နယ်အစပ်ကနေ ထိုးစစ်ဆင်လာခဲ့တဲ့ စစ်ကောင်စီတပ်တွေဟာ မတ်လ အစောပိုင်းက ဒီးမော့ဆိုမြို့နယ်၊ ဆောင်ဒူရွာသစ်ကျေးရွာအုပ်စု၊ ပူဖားရွာနဲ့ သေးဆူလဲ ရွာဘက်ကို ဆက်လက် ထိုးစစ်ဆင်လာခဲ့ပြီး မတ်လ ပထမအပတ်မှာ တိုက်ပွဲ ရှစ်ကြိမ်အထိ ဖြစ်ခဲ့တာပါ။
မတ်လ ဒုတိယပတ်အတွင်းမှာလည်း စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတပ်တွေ တိုက်ပွဲနဲ့ထိတွေ့မှု ခြောက်ကြိမ်ဖြစ်ခဲ့ပြီး တတိယပတ်မှာတော့ တိုက်ပွဲ ခုနှစ်ကြိမ်၊ မတ်လကုန်ပိုင်းမှာ တိုက်ပွဲကိုး ကြိမ်ဖြစ်ခဲ့တယ်လို့ KNDF ရဲ့ ထုတ်ပြန်ချက်တွေအရ တွေ့ရပါတယ်။
အဲဒီတိုက်ပွဲတွေထဲ ထိခိုက်၊ သေဆုံးမှုနဲ့ ပတ်သက်လို့ RFA အနေနဲ့ သီးခြား အတည် မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း တစ်စုံတစ်ရာ ထုတ်ပြန်တာမျိုး မတွေ့ရသေးပါဘူး။
ဒီးမော့ဆိုမြို့နယ်၊ ဆင်တောင်ကျေးရွာက အရပ်သား သုံးယောက်၊ နန်းဖဲနဲ့ ကွက်သစ် ကျေးရွာက အရပ်သား နှစ်ယောက်တို့ တိုက်ပွဲအတွင်း သေဆုံးခဲ့ပြီး မတ်လ ၈ ရက်နေ့က တိုက်ပွဲမဖြစ်ပွားတဲ့ လွိုင်ကော် မြို့နယ်၊ လွယ်ထွယ်ကျေးရွာက ကလေး သုံးယောက်၊ အမျိုးသမီး တစ်ယောက်နဲ့ အမျိုးသား နှစ်ယောက်တို့လည်း မတ်လအတွင်း ကရင်နီ ပြည်နယ်မှာ သေဆုံးခဲ့ရတယ်လို့ KNDF က ဖော်ပြထားပါတယ်။
ဒါ့အပြင် အဲဒီတိုက်ပွဲတွေအတွင်းမှာ အရပ်သားနေအိမ် ၄၁ လုံးဟာ မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ဒီထဲမှာ ပူဖား ကျေးရွာ၊ သေးဆူလဲကျေးရွာတို့က နေအိမ်တွေ အများဆုံး ပါဝင်နေတယ်လို့ KNDF ရဲ့ စာရင်းတွေမှာ တွေ့ရပါတယ်။
KNDF ရဲ့ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ဆက်သွယ်မေးမြန်းနိုင်ဖို့ KNDF တပ်ဖွဲ့ဝင်တွေရဲ့ ဖုန်းတွေ စက်ပိတ်ထားပြီး ကရင်နီစစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေသူတွေလည်း ဖုန်းမကိုင်ကြလို့ ဆက်သွယ်လို့ မရခဲ့ပါဘူး။