ကယားစစ်ဘေးဒုက္ခသည်တွေအတွက် သင်္ကြန်ကာလအတွင်း အာဟာရဒါန

အသားဟင်းမစားနိုင်ဘဲ တောထဲ ရှာဖွေလို့ရတဲ့ အရွက်တွေကိုသာ အဓိကထား စားသုံးနေရတဲ့ ဒုက္ခသည်တွေကို Clean Yangon အဖွဲ့က သင်္ကြန်တွင်းမှာ အသားဟင်းနဲ့ ထမင်းကို စတုဒီသာကျွေးနေတာပါ။

ဒီးမော့ဆိုမြို့က စစ်ဘေးဒုက္ခသည်စခန်းတစ်ခုတွင် ၂ဝ၂၂ ခုနှစ် ဧပြီ ၁၄ ရက် မဟာသင်္ကြန်အကျနေ့က တွေ့ရသည့် ကလေးငယ်များ။ Photo: Clean Yangon

ကယားပြည်နယ် ဒီးမော့ဆိုမြို့က စစ်ဘေးဒုက္ခသည်စခန်းတစ်ခုမှာ Clean Yangon အဖွဲ့က ဧပြီ ၁၄ ရက် သင်္ကြန်အကျနေ့မှာ အသားဟင်းနဲ့ စတုဒီသာကျွေးနေပါတယ်။

“မနက်ကဆိုရင် အမဲသား၊ ဝက်သား၊ အသားမစားတဲ့သူဆိုရင် ကြက်ဥ နှစ်လုံးနဲ့ ကျွေးတယ်၊ ကလေးတစ်ယောက်ဆိုရင် အသားဟင်းလေးကို သပ်သပ်ဖယ်ထား သေးတယ်၊ အဲဒါ သား ဘာလုပ်မလို့လဲလို့ မေးလိုက်တော့ ညနေကျရင် စားဖို့ အသားလေးယူသွားချင်လို့တဲ့ အသားဟင်းဆိုရင် သူတို့ မြတ်မြတ်နိုးနိုးစားတတ်တယ်၊ စားချင်တယ်၊ ပုံမှန်ဆိုရင် သူတို့က အရွက်တွေနဲ့ သူတို့ဒေသထွက် ပဲနီလေးတွေနဲ့ပဲ စားရတာဆိုတော့ ဒီအသားဟင်းတွေစားရရင် သူတို့ပျော်တယ်၊ ကျေနပ်တယ်။”

Clean Yangon အဖွဲ့က မသဉ္ဇာ ပြောသွားတာပါ။

“အသားငါးဆိုတာ စစ်ဘေးရှောင်ပြည်သူတွေနဲ့ ဝေးတယ်၊ အသားဟင်းတွေ စားရပြီဆိုရင် စစ်ဘေးရှောင် ကလေးတွေရော လူကြီးတွေရော ပျော်ကြတယ်”

ဒုက္ခသည်တွေက စစ်ဘေးရှောင်နေရချိန်မှာ တောတောင်တွေထဲရှိတဲ့ အသီးအရွက်တွေ ကိုသာ အဓိကထား စားသောက်နေကြရပါတယ်။

အသားဟင်းမစားနိုင်ဘဲ တောထဲ ရှာဖွေလို့ရတဲ့ အရွက်တွေကိုသာ အဓိကထား စားသုံးနေရတဲ့ ဒုက္ခသည်တွေကို Clean Yangon အဖွဲ့က သင်္ကြန်တွင်းမှာ အသားဟင်းနဲ့ ထမင်းကို စတုဒီသာကျွေးနေတာပါ။

မကြာခဏဆိုသလို ဒုက္ခသည်စခန်းတွေမှာ အာဟာရဒါနအဖြစ် Clean Yangon အဖွဲ့က ထမင်းဟင်း စတုဒီသာကျွေးလေ့ရှိတယ်လို့ သိရပါတယ်။ အခု သင်္ကြန်ကာလအတွင်း မှာတော့ လက်လှမ်းမီတဲ့ စခန်းတွေဆီ နေ့စဉ် သွားပြီး ဒုက္ခသည်တစ်သောင်းလောက်ကို အာဟာရဒါနပြုဖို့ စီစဉ်ထားတယ်လို့ မသဉ္ဇာက ပြောပါတယ်။

“ဒီသင်္ကြန်တွင်းမှာ လူဦးရေ သုံးထောင်လောက်ကို စတုဒီသာကျွေးမယ်လို့ လျာထားတာ၊ အခု အလှူရှင်တွေ ကျေးဇူးကြောင့် လျာထားတာထက်ကို တိုးပြီး သောင်းဂဏန်း လောက်အထိ ကျွေးဖို့ လုပ်ထားတယ်၊ အခု နှစ်ရက်ပြီးသွားတဲ့ အချိန်မှာ နှစ်ထောင်ကျော် လှူခဲ့ပြီးပြီ၊ သတ်မှတ်ထားတဲ့အရေအတွက်ထက် အများကြီး ပိုတိုးပြီး လှူဖို့ ရှိပါတယ်။”

ဒီစစ်ဘေးဒုက္ခသည်တွေထဲမှာ ဒီရက်ပိုင်း၊ လပိုင်းအတွင်း ထွက်ပြေးလာကြရတဲ့ သူတွေရှိသလို တချို့ကလည်း အိုးအိမ်စွန့်ခွာပြီး ဘေးလွတ်ရာ တောတောင်တွေထဲ တိမ်းရှောင်နေရတာ တစ်နှစ်လောက်ကြာနေပြီဖြစ်တဲ့ ဒုက္ခသည်တွေလည်း ရှိပါတယ်။

လောက်ကြာနေပြီဖြစ်တဲ့ ဒုက္ခသည်တွေလည်း ရှိပါတယ်။

“ကလေးတွေက ပိုတာကို အိမ်ပြန်ယူသွားတယ်၊ အိမ်မှာကျန်ခဲ့တဲ့ အဖေ၊ အမေအတွက် ယူသွားတာ၊ အဲဒီလိုစိတ်ကလေးတွေရှိတယ်”

သူတို့ဟာ အလုပ်အကိုင်မရှိ၊ ဝင်ငွေမရှိနဲ့ အလှူရှင်တွေရဲ့ အကူအညီကိုသာ အားထားနေကြရတာဖြစ်ပါတယ်။

လမ်းပန်းဆက်သွယ်ရေးခက်ခဲတာ၊ လုံခြုံရေးအရ သွားလာရ ခက်ခဲတာကြောင့် အကူအညီတွေ မရတဲ့ ဒုက္ခသည်စခန်းတွေလည်း ရှိတယ်လို့ မသဉ္ဇာက ပြောပါတယ်။

ဒုက္ခသည်တွေဟာ စစ်ဘေးရှောင်နေရတဲ့ကာလကြာလာတာနဲ့အမျှ စားနပ်ရိက္ခာ အခက်အခဲကြုံရပြီး အာဟာရချို့တဲ့မှုဒဏ်ကိုပါ ကြုံလာနေရပါတယ်။

တချို့ဒုက္ခသည်စခန်းတွေမှာဆိုရင် ထမင်းဟင်း ပုံမှန်မစားနိုင်ဘဲ ချို့ချို့တဲ့တဲ့ စားသောက် နေထိုင်ရသူတွေလည်း ရှိပါတယ်။ ဒီဒုက္ခသည်တွေထဲမှာ သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေ များတဲ့အတွက် သူတို့ အာဟာရဖြစ်စေမယ့် အစားတွေ စားသောက်ဖို့ လိုအပ်တယ်လို့ မသဉ္ဇာက ဆိုပါတယ်။

အခုလို အသားဟင်း အလှူရှိမယ့်ရက်ကို ဒုက္ခသည်စခန်းက ကလေး လူကြီးမရွေး မျှော်လင့်နေကြတာလို့လည်း မသဉ္ဇာက ပြောပါတယ်။

“ပုံမှန်ဆိုရင် အများသောအားဖြင့် အသီးအနှံပဲ စားရတာပေါ့နော်။ အသီးအနှံ ဆိုတာထက် ရွှေဖရုံသီး၊ ဘူးညွန့်၊ ဖရုံညွန့်တို့၊ ဟိုတရက်ကသွားခဲ့တဲ့နေရာမှာဆိုရင် ပဲကို ဟင်းရည်ချက်ထားတယ်၊ အသားငါးဆိုတာ ကလေးတွေနဲ့ ဝေးတယ်၊ စစ်ဘေးရှောင် ပြည်သူတွေနဲ့ ဝေးတယ်၊ သူတို့မှာရှိတဲ့ဟာလေးနဲ့ပဲ စားရတယ်၊ အရွက်ကလေးတွေနဲ့ စားရတယ်၊ တချို့နေရာမှာ ခရမ်းချဉ်သီးလေးနဲ့ စားရတာရှိတယ်၊ တချို့ဆိုရင် သူတို့ဆီမှာရှိတဲ့ ပဲတောင့်ရှည်နဲ့ စားရတာရှိတယ်၊ သူတို့က အသားငါး မစားနိုင်ဘူး။ သူတို့အသားငါးဟင်းတွေ စားရဖို့အတွက် အခုလို အာဟာရလေးတွေ သွားကျွေး ဖြစ်တယ်၊ အဲလို သွားကျွေးပြီဆိုရင် အသားဟင်းတွေ စားရပြီဆိုတော့ စစ်ဘေးရှောင် ကလေးတွေရော လူကြီးတွေရော ပျော်ကြတယ်”

သွားရောက်လှူဒါန်းတဲ့အခါ မြင်ရတဲ့ မြင်ကွင်းကို မသဉ္ဇာက အခုလို ပြောပါတယ်။

“ကလေးတွေက ပြောရမယ်ဆိုရင် ကရုဏာသက်စရာကောင်းတယ်၊ ကလေးတွေကို ကျွေးတဲ့အခါမှာ အသားဟင်း ၂တုံး ၃တုံး ကျွေးတယ်၊ သူတို့က တစ်တုံးပဲ စားတယ်၊ ပိုတာကို အိမ်ပြန်ယူသွားတယ်၊ ဖက်ကလေးတွေနဲ့ ကျွေးတာရှိတယ်၊ တချို့နေရာမှာ ယူလာတဲ့ ပန်းကန်လေးတွေနဲ့ ကျွေးတယ်။ ပိုတာလေးတွေကို ပြန်ယူသွားတာက အိမ်မှာကျန်ခဲ့တဲ့ အဖေ၊ အမေအတွက် ယူသွားတာ၊ အဲဒီလိုစိတ်ကလေးတွေရှိတယ်၊ ဟိုတစ်ရက်က အွန်လိုင်းမှာ အရမ်းပေါက်သွားတဲ့ ဗီဒီယိုလေး ကလေးလေးက အရည်လေး သောက်ပြီးတော့ ဇွန်းလေးကို တခြားလူဘက်ကို လှည့်ပေးလိုက်တာမျိုး ပေါ့နော်၊ သူ့ရဲ့စိတ်ကလေးက ငယ်ငယ်လေးပေမယ့် အရမ်းချစ်ဖို့ကောင်းတယ်၊ သူများကို မျှဝေပေးတတ်တဲ့ စိတ်ကလေး သူ့မှာရှိတယ်၊ ဒီအရွယ်ကလေးတွေ၊ အပြစ်မဲ့တဲ့ကလေးတွေက သူတို့အိမ်မှာ သူတို့နေရာထိုင်ခင်းမှာ လွတ်လွတ်လပ်လပ် ပျော်ပျော်ရွှင်ရွှင် ကျန်းကျန်းမာမာနဲ့ အနာဂတ်မျိုးဆက်သစ်ကလေးတွေ ပညာ သင်နေရမယ့်အချိန်မှာ အိုးပစ်အိမ်ပစ် မလုံမခြုံနဲ့ တဲလေးတွေမှာ လာနေနေရတယ်။ ကလေးတွေကို အတတ်နိုင်ဆုံး အစ်မတို့နဲ့ တွေ့ရတဲ့အချိန်မှာ ခဏလေးပဲဖြစ်ဖြစ် သူတို့စိတ်လေး ကျေနပ်သွားမယ် ပျော်သွားမယ်ဆိုရင် အစ်မတို့လည်း အရမ်းပျော်တယ်၊ တကယ်လည်း အဲဒီခံစားချက်ကိုရတယ်။”

၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းပြီးနောက် တစ်နိုင်ငံလုံးမှာ အိုးအိမ်စွန့်ခွာထွက်ပြေးရတဲ့ ဒုက္ခသည် ငါးသိန်းခွဲကျော်နေပါပြီ။ ဒီထဲမှာ လူဦးရေ သုံးသိန်းကျော်ရှိတဲ့ ကယားပြည်နယ်မှာ နှစ်သိန်းကျော်က စစ်ဘေးရှောင်နေရတာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org