ကယားမှာ ၂၄ နာရီကြာ တိုက်ပွဲအတွင်း ဒေသခံ တစ်သောင်းကျော် ထွက်ပြေးနေရ
ကယားပြည်နယ် ဒီးမော့ဆိုနဲ့ ဖရူဆို မြို့နယ်တွေထဲမှာ စစ်ကောင်စီနဲ့ ဒေသခံ ခုခံကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေ ပြန်ပြင်းထန်နေပါတယ်။
- 2021-08-14
-
-
-
ကယားပြည်နယ် ဒီးမော့ဆိုနဲ့ ဖရူဆို မြို့နယ်တွေထဲမှာ စစ်ကောင်စီနဲ့ ဒေသခံ ခုခံကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေ ပြန်ပြင်းထန်နေပါတယ်။
သြဂုတ် ၁၃ ရက် မနေ့ ညနေပိုင်းကစပြီး ဒီနေ့ ဩဂုတ် ၁၄ ရက်အထိ ၂၄ နာရီအတွင်း ဖြစ်နေတဲ့ တိုက်ပွဲတွေ ကြောင့် ရွာပေါင်း ကိုးရွာက ဒေသခံ တစ်သောင်းကျော်လောက် နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ အကူအညီပေးနေသူတွေက ပြောကြပါတယ်။
စစ်ကောင်စီတပ်အင်အား ၁၅၀ လောက်ဟာ ဒီးမော့ဆိုမြို့ အရှေ့ဘက်ခြမ်းကို ထိုးစစ်ဆင်လာတာကြောင့် ခုခံရင်း တိုက်ပွဲတွေ ပြန်စခဲ့တာလို့ ကရင်နီပြည်ဒေသခုခံကာကွယ်ရေးအဖွဲ့ KNDF ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
လတ်တလော တိုက်ပွဲအတွင်း KNDF ဘက်က အကျအဆုံးမရှိသလို စစ်ကောင်စီဘက်က သေဆုံးထိခိုက်တဲ့ သတင်းတွေလည်း မရသေးဘူးလို့လည်း ဆိုပါတယ်။
ဒီနေ့ မနက်ပိုင်းမှာ ဖယ်ခုံမြို့ အနောက်ဘက်ခြမ်းကနေ စစ်ကောင်စီဘက်က စစ်ကြောင်း သုံးကြောင်းနဲ့ ထိုးစစ်ဆင်လာတာလို့ KNDF သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက RFA ကို အခုလို ပြောပါတယ်။
"ဒီမနက်ပိုင်းမှာ ဖယ်ခုံအနောက်ဘက်ခြမ်းမှာ စစ်ကောင်စီဘက်က စစ်ကြောင်း သုံးကြောင်းနဲ့ ထပ်ပြီးတော့ အင်အားထိုးဆင်းလာတာ ရှိတယ်။ ပထမ တစ်ကြောင်းက ပေါင်းလောင်းကနေ သူတို့ ဆင်းလာတယ်။ ဒုတိယ တစ်ကြောင်းကတော့ တောင်မဲသင်း၊ ခေါက်အိဘက်ကနေ ဆင်းလာတယ်။ သူတို့ စစ်ကြောင်း သုံးကြောင်း ဆင်းလာတယ်။ ကျွန်တော်တို့ KA နဲ့ KNDF တပ်နဲ့ ထိတွေ့မှုတွေ ရှိတယ်။ သို့သော် အထိအခိုက် အကျအဆုံး စာရင်းတွေကိုတော့ အတည်ပြုနိုင်ခြင်း မရှိသေးဘူး။ လွှိုင်ကော် လမ်းမကြီး အရှေ့ဘက်ခြမ်းမှာ စစ်ကောင်စီဘက်က စစ်ကြောင်းတွေ နှစ်ကြောင်း၊ သုံးကြောင်း ခွဲပြီး လှုပ်ရှားမှုတွေ ရှိတယ်"
စစ်ကောင်စီတပ်တွေဟာ ရွာတွေထဲက ဘုရားကျောင်းတွေ၊ စာသင်ကျောင်းတွေမှာ တပ်စွဲထားတာကို သိပေမယ့်လည်း KNDF အနေနဲ့ ရွာတွေထဲကို တိုက်ခိုက်တာတွေ မလုပ်ဘူးလို့လည်း ပြောပါတယ်။
ကယားပြည်နယ်မှာဆိုရင် ဖရူဆို၊ ဒီးမော့ဆိုနဲ့ လွိုင်ကော်မြို့တွေမှာ စစ်ကောင်စီတပ်တွေက စစ်ရေး လှုပ်ရှားမှု အများဆုံးရှိတယ်လို့ ဆိုပါတယ်။
ကယားပြည်နယ်ထဲ စစ်ကောင်စီတပ်တွေနဲ့ KNDF တို့ ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲတွေ မဖြစ်ပွားခင် အချိန် ကတည်းက တိုက်ပွဲငယ်လေးတွေ ကြိုကြားကြိုကြား ရှိခဲ့တယ်လို့လည်း ပြောကြပါတယ်။
ဒီနေ့ တိုက်ပွဲမတိုင်ခင် သြဂုတ်လ ၁၂ ရက်နေ့ကလည်း ဖရူဆိုမြို့နယ် ထေးကလူဒေါကျေးရွာနား စစ်အင်အား ဖြည့်ဖို့ ရောက်လာတဲ့ စစ်ကောင်စီတပ်တွေနဲ့ ကရင်နီတပ်မတော် KA နဲ့ KNDF ပူးပေါင်းထားတဲ့တပ်တို့ တိုက်ပွဲဖြစ်ပြီး စစ် ကောင်စီတပ်က ငါးယောက်သေပြီး သုံးယောက် ဒဏ်ရာရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီမော့ဆို- ဖရူဆိုလမ်းပေါ်မှာရှိတဲ့ ကဒါးလားရွာမှာလည်း စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ ဒေသခံတစ်ယောက် လက်နက်ကြီး ထိမှန်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်တွေက အင်အားဖြည့်တင်းတာနဲ့ ထိုးစစ်ဆင်တာတွေကြောင့် ဒီးမော့ဆိုနဲ့ ဖရူဆိုမြို့တွေမှာ တိုက်ပွဲတွေဖြစ်နိုင်တာမို့ ပြည်သူတွေ လုံခြုံရေးသတိရှိကြဖို့ KNDF အဖွဲ့က ဩဂုတ် ၁၂ ရက်ကတည်းက ကြိုတင်အသိပေးခဲ့တာလည်း ဖြစ်ပါတယ်။
စစ်ဘေးရှောင်မယ့် ဒေါပြခူး၊ ထီးဖိုးကလိုး၊ ဒေါတံဒါးကျေးရွာတွေက ဒေသခံတွေဟာ သူတို့ကိုလာခေါ် ဖို့ အကူညီတောင်းတာကြောင့် စစ်ဘေးဒုက္ခသည်တွေကို ကူညီနေသူတွေက သွားခဲ့ပေမဲ့ စစ်ကောင်စီတပ်တွေ တပ်စွဲထားတာကြောင့် ခေါ်လို့မရခဲ့တဲ့အပြင် စစ်ဘေးရှောင်သူတွေကို သွားခေါ်မယ့် ကားတစ်စီးကိုပါ အပစ်ခံခဲ့ရတယ်လို့ လုံခြုံရေးအရ နာမည်မဖော်လိုတဲ့ စစ်ဘေးဒုက္ခသည်တွေကို ကူညီနေ သူတစ်ယောက်က ပြောပါတယ်။
"တည့်တည့်ကြီးတွေ့တာ စစ်တပ်နဲ့။ ဒေါတံဒါးရွာထိပ်မှာ တွေ့တာ ၊ သူတို့က ကားမြင်တော့ လှမ်းပစ်တာ။ ကားကိုထားပြီး ထွက်ပြေး။ ကားကိုလှည့်ချိန်မရှိဘူး။ ကားပေါ်မှာတော့ ဘယ်သူမှ မပါသေးဘူး။ ကားမောင်းတဲ့သူပဲ ပါသေးတယ်။ ကားတော့ပြန်ရပြီ။ ဒီနေ့မနက် ပြန်ယူတာ။ မှန်ကွဲသွားတယ်။ သေနတ် နှစ်ချက်မှန်သွားတယ်။ စစ်ဘေးရှောင်တွေကို ဒေါတံဒါးကနေ လာကြိုဖို့ ခေါ်တယ်။ ကျနော်တို့က သွားလို့ မရတော့ဘူး။ မထွက်နဲ့ ထွက်ရင်ပစ်မယ်ဆိုလို့ မထွက်လာကြဘူး။ ကျနော်တို့လည်း အပြင်ကနေ စောင့်နေတယ်။ ကားတစ်ကားလည်း အပစ်ခံရတယ်ဆိုတော့ ရွာကလူတွေက မလာခဲ့နဲ့ပေါ့။ အိမ်ကပဲ စောင့်ပြီးနေမယ် ပြောကြတယ်။ မထွက်နဲ့ပေါ့။ ထွက်ရင်ပစ်မယ် အဲလိုပုံစံမျိုး။ မရှောင်နဲ့ ရှောင်ရင် ပစ်မယ်ပေါ့။ ရွာသားတွေမရှိရင် သူတို့အတိုက်ခံရမှာ ကြောက်ပုံရပါတယ်။ ပေးမထွက်ဘူး။ အခုတော့ ရွာသားတွေ ထွက်လို့ရပြီ။ သူတို့လည်း တောင်ပေါ်တက်သွားတယ်"
ကယားပြည်နယ်မှာ ဩဂုတ်လဆန်းပိုင်းကစပြီး ကယားပြည်နယ် မြို့နယ်တိုင်းလိုလိုမှာ နာရီဝက် အကြာလောက် ထိပ်တိုက် တိုက်ပွဲတွေ ဖြစ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
"ဒုက္ခသည်တွေအတွက် အရမ်းခက်ခဲတယ်။ ပြေးစရာ မြေမရှိဘူး"
အခုချိန်မှာ ကယားပြည်နယ်ထဲက မြို့တွေသာမက တောတောင်တွေထဲမှာပါ မလုံခြုံတာအပြင် ကိုဗစ် ကပ်ရောဂါတွေကြောင့် တချို့ရွာတွေက အသွားအလာ ကန့်သတ်ထားတဲ့အတွက် ဘယ်သွားရမယ်ဆိုတာ တောင် မသိတော့ဘူးလို့ လုံခြုံရေးအရ နာမည်မဖော်ချင်တဲ့ ဒီးမော့ဆိုမြို့နယ် ဒေသခံတစ်ယောက်က ပြောပါတယ်။
"ပြေးမယ်ဆိုရင်တောင် သေနတ်သံတိတ်မယ့်နေရာ သေသေချာချာ မရှိတော့ဘူး။ အရင်တုန်းက မြို့ မှာဖြစ်ရင် တောထဲမှာ ခိုလှုံလို့ရသေးတယ်။ အခုဟာက ပြေးလို့ အဆင်မပြေတော့ဘူး။ ပြေးမယ်ဆိုရင် အရင်က စစ်ဘေးရှောင်ပြေးခဲ့တဲ့ ရွာတွေကိုက သူတို့ကိုယ်တိုင်က အခုပြေးနေရပြီ။ အခုက ကိုဗစ်-၁၉ ကြောင့်လည်း လမ်းပန်းအခက်အခဲတွေ ဖြတ်သွားဖြတ်လာဖို့က အဆင်မပြေတော့ဘူး။ တစ်ရွာနဲ့ တစ်ရွာကလည်း ဖြတ်ခွင့်နေခွင့် မရှိတော့ဘူး ဖြစ်ကုန်ကြတယ်။ ဒါကြောင့်လည်း ဒုက္ခသည်တွေအတွက် အရမ်းခက်ခဲတယ်။ ပြေးစရာ မြေမရှိဘူး ပြောရတော့မှာပေါ့"
အရင်ကဆိုရင် စစ်ဘေးရှောင်တွေကို မြေပြန့်ဒေသက ပြည်သူတွေက တတ်နိုင်သလောက် အကူအညီ၊ အထောက်အပံ့တွေ ပေးနိုင်ကြပေမယ့် အခုချိန်မှာတော့ ကိုဗစ်ကပ်ရောဂါကလည်း ပျံ့နှံ့နေတဲ့အချိန်မို့ ကူညီပေးဖို့အတွက် အခက်အခဲတွေ ဖြစ်နေတယ်လို့ ဒေသခံတွေနဲ့ ကူညီပေးနေသူတွေက ပြောပါတယ်။
ကယားပြည်နယ်ထဲက တစ်ကျော့ပြန်တိုက်ပွဲအခြေအနေတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဒီကနေ့ ညနေပိုင်းက ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုခြင်း မရှိပါဘူး။
ကယားပြည်နယ်ထဲမှာ စစ်ကောင်စီက အပစ်အခတ် ရပ်စဲထားတယ်လို့ ထုတ်ပြန်ပြီးတော့ အဲဒါကို အခွင့်ကောင်းယူပြီး ကရင်နီပြည် (ကယားပြည်) သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်တွေကို နေ့စဉ် ခြိမ်းခြောက်နေကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်တွေကို တောနင်းရှာတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကောင်စီက နယ်မြေ စိုးမိုးရေးတွေကို လှုပ်ရှားနေကြောင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီက ဩဂုတ် ၁၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ပြည်နယ်တွင်း ကိုဗစ်ကပ်ရောဂါ ကာကွယ်ရေး ပြင်ဆင်နေတာတွေကိုလည်း စစ်ကောင်စီက တားမြစ် ဖျက်ဆီးနေတာကြောင့် ပြည်တွင်းလူမှုကူညီရေး အသင်းအဖွဲ့တွေ၊ နိုင်ငံတကာအစိုးရတွေက ထောက်ပံ့ကူညီ ပေးကြဖို့လည်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။