ဦးအယ်လ်ဖောင်းရှိုကို စစ်ဆေးဖို့ အဂတိကော်မရှင် ငြင်းပယ်
ကယားပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးအယ်ဖောင်းရှိုအမှုဟာ လက်ရှိတည်ဆဲ ဥပဒေနဲ့ မညီတာကြောင့် စုံစမ်းစစ်ဆေးဖို့ တိုင်ကြားချက်ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ပယ်ချလိုက်ပါတယ်။
-
စိုးစိုးထက်
2020-10-02 -
-
-
ကယားပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးအယ်ဖောင်းရှိုအမှုဟာ လက်ရှိတည်ဆဲဥပဒေနဲ့ မညီတာကြောင့် စုံစမ်းစစ်ဆေးဖို့ တိုင်ကြားချက်ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ပယ်ချလိုက်ပါတယ်။
အဂတိလိုက်စားမှုရှိခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ ဖြုတ်ချခံခဲ့ရတဲ့ ဝန်ကြီးချုပ်ဟောင်းရဲ့အမှုကို စုံစမ်းစစ်ဆေးပေးဖို့ တိုင်ကြားချက်အပေါ် ကော်မရှင်က ဒီတစ်ပတ်ထဲမှာပဲ တုံ့ပြန်ခဲ့တာပါ။
ကယားပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိုကို အဂတိလိုက်စားမှုနဲ့ စုံစမ်းဖော်ထုတ် အရေးယူပေးဖို့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသဲရယ် က စက်တင်ဘာလ ၈ ရက်နေ့မှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို တိုင်ကြားခဲ့တာပါ။
ဒီတိုင်ကြားချက်ကို ကော်မရှင်ကနေ စက်တင်ဘာ ၃ဝ ရက် ဗုဒ္ဓဟူးနေ့မှာ ပယ်ချခဲ့တာဖြစ်ပါတယ်။ ဒါဟာ ဥပဒေအတိုင်း ဆောင်ရွက်ခဲ့တာလို့ ကော်မရှင်ပြောခွင့်ရသူ ဦးကျော်စိုး က RFA ကို ပြောပါတယ်။
“ကော်မရှင်သည် ဥပဒေနဲ့အညီ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းဖြစ်တဲ့အတွက်ကြောင့် ပြဋ္ဌာန်းထားတဲ့ ဥပဒေနဲ့အညီ လုပ်ရပါတယ်။ ဥပဒေကိုကျော်ပြီး ဆောင်ရွက်လို့ မရပါဘူး။ ဒါကြောင့်မို့လို့ ပေးပို့တဲ့ တိုင်ကြားစာမှာပါရှိတဲ့ အချက်တွေကိုပြန်ပြီး စိစစ်တဲ့အချိန်မှာ သူတို့က ၂ဝ၁၈ မှာ စတုတ္ထအကြိမ် ပြဋ္ဌာန်းထားတဲ့ ဥပဒေ မတိုင်ခင်က ဖြစ်တဲ့ကိစ္စဖြစ်ပါတယ်ခင်ဗျ”
ကော်မရှင်ရဲ့ ဒီဆုံးဖြတ်ချက်ဟာ လက်ရှိ အာဏာရပါတီ NLD ရော၊ ကော်မရှင်ကပါ ဝန်ကြီးချုပ်ဟောင်းရဲ့လုပ်ရပ်တွေကို ထောက်ခံရာရောက်နေတယ်လို့ တိုင်ကြားခဲ့သူ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသဲရယ်က တုံ့ပြန်ပါတယ်။
“ဒီလို လုပ်သွားတဲ့အပေါ်မှာ သူတို့က တဖက်တလမ်းကနေပြီးတော့ မမှားဘူး၊ မကိုက်ညီတဲ့ကိစ္စ တွေ့နေရတယ်ဆိုတော့ သန့်ရှင်းအစိုးရလို့ ကြွေးကြော်ထားတဲ့ဟာတွေနဲ့ လုံးဝဆန့်ကျင်ဘက်တွေ ဖြစ်နေတယ်။ ဒီလို ဆက်လုပ်မယ်ဆိုရင် ကျနော်တို့နိုင်ငံ၊ ကျနော်တို့ပြည်နယ်အတွက် တိုးတက်မှုဆိုတဲ့ နေရာမှာ ပိုပြီးတော့ အလှမ်းဝေးသွားတာပေါ့”
ဦးသဲရယ်ဟာ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီက ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် တစ်ဦးဖြစ်သလို၊ ဝန်ကြီးချုပ်ဟောင်းကို စွပ်စွဲပြစ်တင်သူတွေထဲက တယောက်ဖြစ်သလို၊ ဒီကိစ္စအတွက် ပြည်နယ်လွှတ်တော်က ဖွဲ့စည်းပေးတဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဥက္ကဋ္ဌလည်း ဖြစ်ပါတယ်။
ကော်မရှင်ရဲ့ပယ်ချချက်နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံ တရားလွှတ်တော် ရှေ့နေများကောင်စီအဖွဲ့ဝင် ရှေ့နေ ဦးသိန်းသန်းဦးက အခုလို မှတ်ချက်ချပါတယ်။
“အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရဲ့ ဥပဒေက ရှိပြီးသားပေါ့နော။ အဲ့ဒီမှာ ယေဘုယျအားဖြင့် နောက်ပိုင်းပြင်လိုက်တဲ့ဟာရော၊ မပြင်ခင်ကရော အမျိုးအစားအားဖြင့် သုံးမျိုးခွဲတာပေါ့။ နံပါတ်တစ်က သူတို့ အရေးယူလို့ မရဘူး၊ အရေးယူဆောင်ရွက်လို့မရတဲ့ ဥပဒေ သူတို့နဲ့ သက်ဆိုင်ခြင်းမရှိဘူးပေါ့နော။ သို့မဟုတ် မထင်ရှားဘူး၊ အရေးယူဆောင်ရွက်လို့မရတဲ့ ဥပဒေရှိတယ်။ နောက်တစ်မျိုးကတော့ သူတို့နဲ့ မသက်ဆိုင်ဘူး၊ ဌာနဆိုင်ရာ အရေးယူမှုပဲ ဆောင်ရွက်ရမယ်၊ သက်ဆိုင်ရာ ဝန်ကြီးဌာနနဲ့ပဲ ဖြေရှင်းရမယ့်ကိစ္စဖြစ်တယ်။ နောက်တစ်ခုကတော့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနဲ့ ပတ်သက်တဲ့ဟာ မိမိရဲ့ရာထူးနေရာကို အသုံးပြု၍သော် လည်းကောင်း၊ နိုင်ငံရေးသြဇာကို အသုံးပြု၍ သော်လည်းကောင်း၊ လုပ်ကိုင်ဆောင်ရွက်တဲ့ ကိစ္စမျိုးတွေ အဲဒါနဲ့ ဆက်နွယ်တဲ့အပိုင်းတွေ သူတို့ပြဋ္ဌာန်းချက်အတိုင်း လုပ်ရတယ်”
ကယားပြည်နယ် စာရင်းစစ်ချုပ်ရုံး အစီရင်ခံစာမှာတော့ ဦးအယ်လ်ဖောင်းရှိုအနေနဲ့ ဝန်ကြီးချုပ် တာဝန်ယူခဲ့ချိန်က ပြည်နယ်အစိုးရရဲ့ စက်ယန္တရား ဝယ်ယူတာ၊ ငှားရမ်းတာ၊ ပြင်ဆင်တာတွေနဲ့ ပတ်သက်တဲ့ အသုံးစရိတ်ထဲမှာ ကိုယ်ရေးကိုယ်တာနဲ့ ပါတီအတွက် သုံးထားတဲ့ သိန်း ၄ဝဝ နီးပါးကို ထည့်သွင်းထားတယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် အခြားအသုံးစရိတ်ဆိုတဲ့ ခေါင်းစဉ်နဲ့ လှူဒါန်း၊ ထောက်ပံ့ငွေဆိုပြီး သိန်း ၃၆ဝဝ ကျော် အသုံးပြုထားတာကိုလည်း စာရင်းစစ်ချုပ် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
အဲဒီတွေ့ရှိချက်တွေနဲ့ ဦးအယ်လ်ဖောင်းရှိုကို ပြည်နယ်လွှတ်တော်မှာ စွပ်စွဲပြစ်တင်ပြီး ဝန်ကြီးချုပ် ရာထူးကနေ ဖြုတ်ချခဲ့တာပါ။
ဒီလိုဖြုတ်ချခဲ့မှုဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်နဲ့ ညီ၊ မညီ စစ်ဆေးပေးဖို့ ဦးအယ်လ်ဖောင်ရှိုက နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကို တင်ပြခဲ့တာကြောင့် ဒါကိုအခြေခံဥပဒေဆိုင်ရာ အချက် ၃ ချက်နဲ့ လာမယ့် အောက်တိုဘာ ၆ ရက်နေ့မှာ စတင်စစ်ဆေးမယ်လို့ ဥပဒေခုံရုံးက မနေ့က ထုတ်ပြန်ထားပါတယ်။
ပထမတချက်က တာဝန်က ရပ်စဲပြီးဖြစ်တဲ့ ဝန်ကြီးချုပ်ဟောင်းတစ်ဦးကို ခုံရုံးတင်ခွင့် ရှိ၊ မရှိ၊ ဒုတိယတချက်က ဝန်ကြီးချုပ်ကို စွပ်စွဲသူ ငါးယောက်ထဲက တစ်ယောက် နုတ်ထွက်ခဲ့တဲ့အတွက် ကိုယ်စားလှယ် လေးပုံတစ်ပုံ မပြည့်တဲ့အခြေအနေမှာ စွပ်စွဲချက်ကို ဆက်လက်စစ်ဆေးခွင့် ရှိ၊ မရှိ၊ တတိယတချက်က ပြည်နယ်လွှတ်တော်က ဖွဲ့စည်းထားတဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ထဲမှာ ဝန်ကြီးချုပ်ဟောင်းကို စွပ်စွဲထားတဲ့ လွှတ်တော်ကိုယ်စားလှယ် သုံးဦး ထည့်သွင်းခွင့် ရှိ၊ မရှိ၊ ဒီ ၃ ချက်ကို ဥပဒေခုံရုံးက ကြားနာစစ်ဆေးမှာဖြစ်ပါတယ်။
ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိုကတော့ သူ့ကို စွပ်စွဲပြစ်တင်ထားတာတွေနဲ့ ပတ်သက်လို့ မဟုတ်မှန်ကြောင်း၊ သူ့အနေနဲ့ ဖြေရှင်းပြီး ကိစ္စတွေဖြစ်ကြောင်း ပြောထားသလို ဥပဒေနဲ့အညီ စီမံဖြေရှင်းဆောင်ရွက်ဖို့ အဆင်သင့်ပဲလို့ ဝန်ကြီးချုပ် တာဝန်ထမ်းဆောင်ရတဲ့ နောက်ဆုံးရက် စက်တင်ဘာ ၃ ရက်နေ့မှာ မီဒီယာတွေကို ပြောခဲ့ပါတယ်။
ဝန်ကြီးချုပ်ဟောင်းနဲ့ပတ်သက်လို့ ပွင့်လင်းမြင်သာမှု မရှိတဲ့ကိစ္စတွေကို စုံစမ်းစစ်ဆေးပေးဖို့ ကယားပြည်နယ် အခြေစိုက် အရပ်ဖက်အဖွဲ့အစည်းတချို့ကလည်း လွှတ်တော်ကို သြဂုတ်လ ၃၁ ရက်က အိတ်ဖွင့်စာ ပေးပို့တောင်းဆိုထားပါတယ်။
စက်တင်ဘာလ ၁၁ ရက်နေ့မှာ လွှတ်တော်က စာရင်းစစ်ရုံးထံ စစ်ဆေးဖို့ လွဲပေးခဲ့ပြီး လွှတ်တော်ထံ အစီရင်ခံစာ ပြန်တင်ပြနိုင်ဖို့ ဆောင်ရွက်ထားပါတယ်။
စာရင်းစစ်ရုံးထံ ပေးပို့ထားတဲ့ စုံစမ်းစစ်ဆေးရမယ့်ထဲမှာ သတ္တုစက်ရုံ တည်ဆောက်မှု၊ စက်မှုဇုံ စီမံခန့်ခွဲမှု၊ ပန်းဥယျာဉ်မြေယာ ရှုခင်းလုပ်ငန်း၊ ကန္တာဟေဝန်ပန်းခြံမှာ ဗိုလ်ချုပ်ကြေးရုပ်နဲ့ ဆက်စပ်လုပ်ငန်းတွေ တည်ဆောက်မှု စတဲ့အကြောင်းအရာတွေ ပါဝင်ပါတယ်။
ပြည်နယ်စာရင်းစစ်ချုပ် ဦးအောင်မောင်းကတော့ အစိုးရအဖွဲ့က တစ်စုံတစ်ရာ ပြောကြားခြင်း မရှိတဲ့အတွက် စစ်ဆေးလို့မရသေးကြောင်း တုံ့ပြန်ခဲ့ပါတယ်။