အခြေခံဥပဒေခုံရုံး ဆုံးဖြတ်ချက်ကို မတူတဲ့အမြင်တွေ ရှိနေ

စိုးစိုးထက်
2020.11.02

ကယားဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှို စွပ်စွဲပြစ်တင်ခံရတဲ့ကိစ္စနဲ့ပတ်သက်လို့ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးရဲ့ ဆုံးဖြတ်ချက်အပေါ် ကယားဒေသအခြေစိုက် အရပ်ဘက် အဖွဲ့အစည်းတွေက ဝေဖန်ကြပါတယ်။

ဥပဒေပညာရှင်တစ်ယောက်ကတော့ ခုံရုံးက သူလုပ်နိုင်တဲ့အလုပ်တွေကိုသာ လုပ်ဆောင်နေတာဖြစ်တယ်လို့ ဆိုပါတယ်။

ကယားပြည်နယ် ဝန်ကြီးချုပ်ရာထူးကနေ နုတ်ထွက်ခဲ့ရတဲ့ ဦးအယ်လ်ဖောင်းရှို တင်သွင်းထားတဲ့ အမှုနဲ့ ပတ်သက်ပြီး နေပြည်တော် အခြေခံဥပဒေခုံရုံးရဲ့ ဆုံးဖြတ်ချက်ဟာ ပြတ်သားမှု မရှိဘူးလို့ ထောက်ပြသူတချို့ ရှိနေပါတယ်။

ကယားပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှို ပြည်နယ်လွှတ်တော်မှာ စွပ်စွဲပြစ်တင်ခံရတဲ့ ကိစ္စမှာ ကာယကံရှင်က ပြည်နယ်လွှတ်တော်ရဲ့ လုပ်ငန်းစဉ်အပေါ် ပြန်လည်သုံးသပ်နိုင်ရေးအတွက်ဆိုပြီး အခြေခံ ဥပဒေပုဒ်မ ၂၆၃ ကို အဓိပ္ပာယ်ဖွင့်ဆိုဖို့ အခြေခံဥပဒေခုံရုံးထံ တင်သွင်းထားတာကို အောက်တိုဘာ ၂၇ ရက်နေ့မှာ ခုံရုံးက အမိန့်ချလိုက်တာပါ။

ဦးအယ်လ်ဖောင်းရှိုရဲ့ အဓိပ္ပာယ်ဖွင့်ဆိုပေးဖို့ တင်ပြချက်ကို ခုံရုံးအနေနဲ့ လက်ခံပေမယ့် ပြည်နယ်လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်အပေါ် ခုံရုံးအနေနဲ့ ဝင်ရောက်စွက်ဖက်လို့မရဘူးဆိုပြီး အမိန့်ချခဲ့ပါတယ်။

ကရင်နီလူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာ ကိုဗညားက မှားတယ်၊ မှန်တယ် ဆိုတာကို ခုံရုံးက ရဲရဲတင်းတင်း မဆုံးဖြတ်ရဲဘူးလို့ ဝေဖန်ပါတယ်။

“ကယားပြည်နယ်လွှတ်တော်ကနေပြီးတော့ ဖော်ဆောင်သွားတဲ့ဟာကို ဘာမှပယ်ချစရာ မရှိဘူးဆိုတာကို တွေ့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ တရားရုံးကိုယ်နိုက်က လွှတ်တော်ခုံရုံးကိုယ်တိုင်က ဒါမှားတယ်လို့ ရဲရဲတင်းတင်း မပြောရဲဘူး။ ဒါမှန်ခြင်းပဲ။ အဲဒါမှန်တယ်လို့ ပြောလို့ရတယ်။ လွှတ်တော်ကပေါ့နော်။ ဒါပေမဲ့ ဟိုဘက် တောင်းဆိုတဲ့ဘက်ကိုလည်း ဒါကိုလည်း အနိုင်ပေးပြန်တယ်။ ဒီဟာကို မှတ်ချက်ပြုမယ်ဆိုရင် ဟုတ်ပါတယ်။ ဒီ ၂၀၀၈ အခြေခံဥပဒေကို ကျနော်အနေနဲ့ ပြင်ဆင်ဖို့အတွက် လိုအပ်တဲ့အချက်တွေရှိတယ်”

ခုံရုံးက ဆုံးဖြတ်ခွင့် မရှိဘူးလို့ မြန်မာနိုင်ငံ လွတ်လပ်သောရှေ့နေများအသင်း အထွေထွေအတွင်းရေးမှူး ဦးသိန်းသန်းဦးက ပြောပါတယ်။

“ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးရဲ့ လုပ်ပိုင်ခွင့်က လွှတ်တော်ဥက္ကဋ္ဌရဲ့ ဆောင်ရွက်ချက်၊ လွှတ်တော်ရဲ့ ဆောင်ရွက်ချက်က မှားတယ် မှန်တယ်၊ ဆုံးဖြတ်ခွင့်မရှိဘူး။ နည်းလမ်းပဲ ဆုံးဖြတ်တာ။ သူက အခု နည်းလမ်းကိုပဲပြတာ။ နည်းလမ်းကိုပြတော့ အယ်လ်ဖောင်းရှိုက သူတင်ခွင့်ရှိတယ်၊ တင်တယ်။ တချို့ဟာတွေကို အဓိပ္ပာယ်ဖွင့်စရာ မလိုဘူး။ တချို့ဟာတွေကို အဓိပ္ပာယ် ဖွင့်စရာမလိုဘူး။ တချို့ဟာတွေကို အဓိပ္ပာယ် ဖွင့်ပေးတယ်။ သူ့ကို ဝန်ကြီးချုပ်အဖြစ်ကနေ ဖြုတ်တာမှားတယ်ဆိုတဲ့ဟာကို ဆုံးဖြတ်ချက်က မပါဘူး။ မူလအတိုင်းဖြစ်မယ်”

ဦးအယ်လ်ဖောင်းရှိုက ပြည်နယ်ဝန်ကြီးချုပ် တာဝန်ကနေ ရပ်စဲခံထားရတဲ့သူ တစ်ယောက် ဖြစ်တာကြောင့် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဆီ တင်သွင်းခွင့်ရှိသူ ဟုတ် မဟုတ် ဆိုတဲ့အချက်ကို တင်သွင်းလို့ရတယ်လို့ ခုံရုံးက ဆုံးဖြတ်ခဲ့တာဖြစ်ပြီး၊ သူ့ကို စွပ်စွဲပြစ်တင်သူ ငါးဦးထဲက တစ်ဦး နုတ်ထွက်သွားတဲ့အတွက် လွှတ်တော်ကိုယ်စားလှယ် လေးပုံတစ်ပုံ မပြည့်တော့တဲ့ အခြေအနေမှာ ပြည်နယ်လွှတ်တော်က စွပ်စွဲချက်ကို ဆက်လက်စုံစမ်း စစ်ဆေးတဲ့အပေါ်မှာတော့ မှားတယ် မှန်တယ်လို့ ခုံရုံးက မဆုံးဖြတ်တာလို့ ဦးသိန်းသန်းဦးက ရှင်းပြပါတယ်။

ကယားပြည်နယ် အခြေစိုက် LAW HOME ဥပဒေအကြံပေး အထက်တန်းရှေ့နေ ကိုကျော်ဝဏ္ဏအောင်က ခုံရုံးရဲ့ ဒီဆုံးဖြတ်ချက်ဟာ ဥပဒေပြုရေးနဲ့  အုပ်ချုပ်ရေး မဏ္ဍိုင်အကြား အပြန်အလှန်ထိန်းကျောင်းမှုကို မှေးမှိန်စေနိုင်တယ်လို့ သုံးသပ်ပါတယ်။

“ဖွဲ့စည်းပုံအခြေခံဥပဒေမှာဆိုရင် ကိုးဦးဖွဲ့စည်းထားတယ်။ အဲဒီမှာဆိုရင် နိုင်ငံတော် သမ္မတက ရွေးချယ် ထားတင်သွင်းတာ သုံးဦးပေါ့နော်။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ရွေးချင်တင်သွင်းတာ သုံးဦး၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌက ရွေးချယ်တင်သွင်းတာ သုံးဦးပေါ့ စုစုပေါင်း ကိုးဦးပေါ့။ ဒါလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၂၁ အရ ဖွဲ့စည်းခြင်းဖြစ်တယ်ပေါ့နော်။ ဆိုရင်တော့ အဲဒီလို ဖွဲ့စည်းထားသော်ငြားလည်း လက်ရှိ ခုံရုံးရဲ့ဆုံးဖြတ်ချက်က ဘယ်လိုဂယက်ရိုက်နိုင်သလဲဆိုတော့ ဥပဒေပြုရေးနဲ့ အုပ်ချုပ်ရေးမဏ္ဍိုင်က အပြန်အလှန် ထိန်းကျောင်းမှုအပေါ်မှာ ပိုပြီးတော့ သူတို့ အချင်းချင်းကြား အပြန်အလှန် ထိန်းကျောင်းမှုက မှေးမှိန်းလာစေတာပေါ့နော်။ ဘာကြောင့်လဲလို့ ပြောရင်တော့ ဥပဒေပြုရေးက ထိန်းကျောင်းလိုက် သမ္မတရုံးကတဆင့် ခုံရုံးတက်ပိုင်ခွင့်ရှိတဲ့သူက တက်လိုက် ခုံရုံးကနေ ဆုံးဖြတ်လိုက် အဲဆိုရင် ထိန်းကျောင်းမှုက သိပ်ပြီးတော့ အလုပ်ဖြစ်တယ် မဖြစ်ဘူး ဆိုတာအပေါ်မှာ မူတည်ပြီးတော့ မှေးမှိန်းသွားနိုင်တာပေါ့”

အရပ်ဘက်အဖွဲ့တွေရဲ့ ဝေဖန်ချက်နဲ့ ပတ်သက်ပြီး အခြေခံဥပဒေဆိုင်ရာခုံရုံး တာဝန်ရှိသူတွေကို မေးမြန်းဖို့ ကြိုးစားပေမယ့် အဆက်အသွယ် မရသေးပါဘူး။

လက်ရှိမှာ ပြည်နယ်လွှတ်တော်ရဲ့ ဆုံးဖြတ်ပြီးသားကိစ္စကို ခုံရုံးက ဝင်ရောက်ဆုံးဖြတ်ပိုင်ခွင့် မရှိတော့ပေမယ့် နောက်နောင်တွေမှာ စွပ်စွဲချက်ကို လေးပုံတစ်ပုံ ပြည့်မှသာလျှင် ဆက်လက်စုံစမ်းခွင့် ရတော့မယ်ဆိုတဲ့ သဘောပဲလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဗဟိုပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး မုံရွာအောင်ရှင်က ပြောပါတယ်။

“ဒီဟာက လွှတ်တော်ဥပဒေနဲ့ပဲ ဆိုင်တယ်တဲ့။ ဒါတွေဥပဒေနဲ့ ဝင်ရောက်စွက်ဖက်လို့မရဘူးပေါ့ မဆိုင်ဘူးပေါ့။ တခြားတော့ စွက်ဖက်လို့ မရဘူး။ ဒီတစ်ကြိမ်မှာတော့ ဒီတိုင်းပဲ ထားလိုက်တယ်။ သို့သော်လည်းပဲ နောက်နောင်ဖြစ်လာလို့ရှိရင် ဒီလိုလုပ်လို့မရတော့ဘူး ဆိုတဲ့ဟာကို သူကပြောသွားတာလေ”

ခုံရုံးဆုံးဖြတ်ချက်အပေါ် ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိုကို RFA က မေးမြန်းဖို့ ကြိုးပမ်းပေမယ့် တယ်လီဖုန်း အဆက်အသွယ် မရခဲ့ပါဘူး။

ယာယီဝန်ကြီးချုပ် ဦးဘော့စ်ကိုကတော့ ဥပဒေပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး ထင်မြင်ချက် မပေးနိုင်သေးဘူးလို့ ပြောပါတယ်။

“ဘယ်လိုမျိုးမှလည်း မထင်ပါဘူး။ ဘယ်လိုမျိုးမှလည်း မမြင်ပါဘူး။ သူဟာက ဘယ်လိုမျိုးလဲဆိုတော့ ကိုယ်က သိပ်မှနားမလည်တာ သူ့ဥပဒေက”

ဦးအယ်လ်ဖောင်းရှိုဟာ ခုံရုံးကို သြဂုတ်လ ၃၁ ရက်နေ့မှာ တင်ခဲ့တာဖြစ်ပြီး အောက်တိုဘာလ ၆ ရက်နေ့မှာ နှစ်ဖက်လျှောက်လဲချက်တွေကို ကြားနာခဲ့တာပါ။

ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိုကို ပြည်နယ်အစိုးရရဲ့ စက်ယန္တရား ငှားရမ်းခငွေ ကျပ် သိန်းပေါင်း လေးထောင်ကျော်နဲ့ အများပိုင်ပြည်သူမြေ ငှားရမ်းထားတဲ့ ငွေတွေကို အလွဲသုံးစားမှုနဲ့ ပြည်နယ်လွှတ်တော်က စုံစမ်းစစ်ဆေးပြီး လွှတ်တော်ရဲ့ ထောက်ခံမဲနဲ့ တာဝန်ကနေ ဖယ်ရှားခဲ့တာဖြစ်ပါတယ်။

ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိုက လာမယ့် ရွေးကောက်ပွဲမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကိုယ်စားလှယ်လောင်းအနေနဲ့ မယ်စဲ့မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှာ ပြန်လည်ဝင်ပြိုင်မှာဖြစ်ပါတယ်။

------------
(၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အထင်ကရ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်တွေနဲ့ သတင်းပေးပို့ချက်တွေကို RFA ရွေးကောက်ပွဲအထူးအစီအစဉ် စာမျက်နှာမှာ တစုတစည်းတည်း လေ့လာကြည့်ရှုနိုင်ပါတယ်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။