ဒီးမော့ဆိုမှာ လက်နက်ကြီးကြောင့် စစ်ဘေးဒုက္ခသည်စခန်း ထိခိုက်ပျက်စီး

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းက စစ်ဘေးဒုက္ခသည်စခန်းထဲကို ဇွန်လ ၁၀ ရက်နေ့ညက လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပါတယ်။

ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းမှ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့သည့် စစ်ဘေးဒုက္ခသည်စခန်းအား ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၁ ရက်နေ့က တွေ့ရစဉ်။ kamlaat-Kayah IDPs Assistance Network

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းက စစ်ဘေးဒုက္ခသည်စခန်းထဲကို ဇွန်လ ၁၀ ရက်နေ့ညက လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် စစ်ဘေးဒုက္ခသည် တဲတစ်လုံးပျက်စီးပြီး စစ်ဘေးဒုက္ခသည်တချို့လည်း ထွက်ပြေးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ဘေးဒုက္ခသည်တွေနေတဲ့ တဲတစ်လုံး ပျက်စီးခဲ့ပေမယ့် လူတွေတော့ ထိခိုက်တာ မရှိဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“မနေ့ည ၇ နာရီ ၁၅ မိနစ်လောက်ရှိမယ်။ နှစ်လုံး ကွဲတာပါ။ စစ်ရှောင်တဲတော့ ပျက်စီးသွားတယ်ဗျ။ လူတော့ ထိခိုက်မှုမရှိဘူး”

လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် စစ်ဘေးဒုက္ခသည်တချို့ ကြောက်လန့်ပြီး ဘေးလွတ်ရာ ထပ်မံထွက်ပြေးခဲ့ရသလို ခဏခဏပြေးနေရတာမို့လို့ ဘယ်မှမပြေးတဲ့ သူတွေလည်းရှိတယ်လို့ဆိုပါတယ်။

အဲဒီလက်နက်ကြီးကို စစ်ဘေးဒုက္ခသည်စခန်းတွေနဲ့ အနီးဆုံးမှာရှိနေတဲ့ စစ်ကောင်စီရဲ့ တပ်မ (၄၂၇) နဲ့ (၁၀၂) က ပစ်တာဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောပေမယ့် RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

လက်နက်ကြီးကျည် ကျရောက်ပေါက်တဲ့နေရာမှာ စစ်ဘေးဒုက္ခသည်တွေ နေထိုင်တဲ့ တဲ ၅၀ ဝန်းကျင်ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ကယားပြည်နယ် ပြောခွင့်ရသူကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားခြင်း မရှိပါဘူး။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ စာရင်းအရ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အရပ်သားတွေရဲ့ နေအိမ်အဆောက်အအုံ ၆၀,၀၀၀ ကျော် မီးလောင်ပျက်စီးခဲ့ပြီး အရပ်သား ၁ ဒသမ ၈ သန်း အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org