ကရင့်ရိုးရာ ချည်ဖြူမင်္ဂလာဖွဲ့ပွဲထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပ
နှစ်စဉ် နှစ်တိုင်း ကျင်းပမြဲဖြစ်တဲ့ ကရင့်ရိုးရာ ဝါခေါင်လ ချည်ဖြူ မင်္ဂလာဖွဲ့ပွဲကို ပြည်ပရောက် ကရင်ဒုက္ခသည်များ ဆိုင်ရာ လူမှုစောင့်ရှောက်ရေးအဖွဲ့ OKRSO က ကမကထပြုပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ထိုင်း PBS ရုပ်မြင်သံကြား သတင်းဌာနပိုင်ခန်းမမှာ ဒီကနေ့ ကျင်းပပြုလုပ်ခဲ့ပါတယ်။
-
2013-08-18 -
-
-
နှစ်စဉ် နှစ်တိုင်း ကျင်းပမြဲဖြစ်တဲ့ ကရင့်ရိုးရာ ဝါခေါင်လ ချည်ဖြူ မင်္ဂလာဖွဲ့ပွဲကို ပြည်ပရောက် ကရင်ဒုက္ခသည်များ ဆိုင်ရာ လူမှုစောင့်ရှောက်ရေးအဖွဲ့ OKRSO က ကမကထပြုပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ထိုင်း PBS ရုပ်မြင်သံကြား သတင်းဌာနပိုင်ခန်းမမှာ ဒီကနေ့ ကျင်းပပြုလုပ်ခဲ့ပါတယ်။
ဒီလို ရိုးရာပွဲ ကျင်းပပြုလုပ်ရတဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်လို့ အခမ်းအနား ဖြစ်မြောက်အောင် ဦးဆောင်ခဲ့တဲ့ ပြည်ပရောက် ကရင်ဒုက္ခသည်များ ဆိုင်ရာ လူမှုစောင့်ရှောက်ရေးအဖွဲ့ (OKRSO)ရဲ့ ဒုဥက္ကဌ ဦးမန်းမျိုးမြင့်က အခုလိုပြောပါတယ်။
“ဒီလိုမျိုး ရိုးရာယဉ်ကျေးမှုပွဲတော်တွေ ကျင်းပရာကနေ ကျနော်တို့ ကရင်အမျိုးသားထု ကြားမှာ လူငယ်ထုတွေကြားမှာ ရင်းနှီးပွင့်လင်းမှုတွေရှိဖို့အတွက်ရယ် ကရင်အမျိုးသား တွေရဲ့ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံတွေကိုတန်ဖိုးထား ထိန်းသိမ်းနိုင်အောင် နောက်ပြီးတော့ စည်းလုံးညီညွတ်မှုရှိဖို့အတွက်ကို ရည်ရွယ်ပြီးတော့ ကျင်းပပြုလုပ်တာပါ၊ လက်ရှိအခြေအနေ အရပြောမယ်ဆိုရင် ကျနော်တို့ ကရင်အမျိုးသားထုကြားမှာ အဓိကလိုအပ်နေတာက စည်းလုံးညီညွတ်မှု ကျနော်တို့မှာ အဲဒီစည်းလုံး ညီညွတ်မှုမရှိတော့လို့ ကိုယ်လိုရာပန်းတိုင် ကို ဘယ်သူမှမရောက်ဘူးဖြစ်နေတယ်။ ဒီလိုပွဲလုပ်တယ်ဆိုတာက ကရင့်အရေး ကရင့်အရာနဲ့ပတ်သက်ပြီးတော့ ကရင်တွေ စည်းစည်းလုံးလုံးနဲ့ ပူးပေါင်းဆောင်ရွက် လုပ်ကိုင်နိုင်ဖို့အတွက် ရည်ရွယ်ချက်နဲ့ ကျင်းပပြုလုပ်တာပါ။’
ကရင့်ရိုးရာချည်ဖြူ မင်္ဂလာဖွဲ့ပွဲပြုလုပ်ရတာနဲ့ ပတ်သက်လို့ ရှေးကရင်လူကြီး သူမတွေ အဆိုအရ ဒီဝါခေါင်လဆိုတာ မကောင်းဆိုးဝါးတွေ ပျော်မြူးတဲ့လဖြစ်တယ်။ အဲဒါကြောင့် မကောင်းဆိုးဝါးတွေရဲ့ ဝိဉာဉ်တွေဟာ သားသမီးမြေးမြစ်တွေရဲ့ အပေါ်မှာ ကျရောက်ခဲ့မယ်ဆိုရင် ဖျားတာနာတာမျိုးတွေ ဖြစ်လေ့ဖြစ်ထရှိတာတွေကို ယုံကြည်ကြတယ်။
သားသမီးမြေးမြစ်တွေ အဲလိုမဖြစ်ရအောင် မကောင်းဆိုးဝါးတွေရဲ့ ဝိဉာဉ်တွေပူးကပ်လို့မရအောင် ဆိုပြီး ရှေးကရင်လူကြီးသူမတွေက ချည်ဖြူချည်နီအပါအဝင် အဆောင်အယောင် (၇)မျိုးနဲ့ စီမံထားတဲ့ ချည်ဖြူခင်နဲ့ သားသမီးမြေးမြစ်တွေရဲ့ လက်ကောက် ဝတ်မှာ ချည်နှောင်ပေးလိုက်တာဖြစ်တယ်လို့ ကရင့်ရိုးရာ ချည်ဖြူမင်္ဂလာဖွဲ့ပွဲ ဦးဆောင်ကျင်းပတဲ့သူတွေကပြောပါတယ်။
ဒီပွဲကို တက်ရောက်ခဲ့တဲ့ ကရင်အမျိုးသမီးတစ်ဦးကတော့ ထိုင်းနိုင်ငံသားဖြစ်နေတဲ့ ကရင်အမျိုးသားတွေနဲ့ ပြန်လည်ဆုံတွေ့ခွင့်ရလို့ ဝမ်းသာတယ်လို့ ခုလိုပြောပါတယ်။
“ဖြစ်နိုင်ရင်တော့ ကိုယ့်နိုင်ငံမှာ ကိုယ့်လူမျိုးနဲ့ ကိုယ့်မြေကိုယ့်ရေပေါ်မှာ အဲလိုမျိုး ကိုယ့်ရဲ့ယဉ်ကျေးမှုနဲ့ နေရရင်တော့ ပိုကောင်းတာပေါ့နော် ဒီမှာလာပြီးတော့ အလုပ်လုပ်ရတာ သူများနိုင်ငံမှာဆိုတော့ မျက်နှာငယ်ရတာပေါ့။ ဒါပေမယ့် ဒီနှစ်မှာ အကုန်လုံးဆုံကြတာ အထူးသဖြင့် ထိုင်းက ကရင်တွေနဲ့တွေ့ရတာပေါ့”
ဒီကရင့်ရိုးရားချည်ဖြူမင်္ဂလာဖွဲ့ပွဲကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာရောက်ရှိနေတဲ့ ကရင်တိုင်းရင်းသား အလုပ်သမားတွေရဲ့ ကရင့်ရိုးရာ ဒုံယိမ်း (၄)ဖွဲ့နဲ့ ပအို့ဝ်တိုင်းရင်းသား ရိုးရာအဖွဲ့တွ တက်ရောက်ဖျော်ဖြေခဲ့ကြသလို ပြည်တွင်းက ကရင်နာမည်ကြီး အဆိုတော်တွေလည်း လာရောက် ဖျော်ဖြေကြတယ်လို့သိရပါတယ်။
ဒီရိုးရာပွဲကို ထိုင်းနိုင်ငံတွင်းရောက်ရှိနေတဲ့ ကရင်တိုင်းရင်းသားတွေနဲ့ စိတ်ပါဝင်စားတဲ့ ထိုင်းနဲ့ မြန်မာနိုင်ငံသားတိုင်းရင်းသား စုစုပေါင်း (၁၀၀၀) တစ်ထောင်ကျော်တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။