ကချင် သင်းအုပ်ဆရာ သုံးဦးလွတ်မြောက်ရေး ကချင်ခရစ်ယာန်အသင်း တောင်းဆို
ကချင်ပြည်နယ်က ခရစ်ယာန်သင်းအုပ်ဆရာ သုံးဦးဟာ ငြိမ်းချမ်းရေး ဆုတောင်းပွဲ လုပ်လို့ ထောင်ဒဏ် သုံးနှစ်ချခံရမယ့်အရေး ရင်ဆိုင်နေရတယ်လို့ နိုင်ငံတကာ ခရစ်ယာန်အဖွဲ့က သတင်းထုတ်ပြန်တဲ့အကြောင်း Premier ခရစ်ယာန်သတင်းမှာ မနေ့က ဖော်ပြထားပါတယ်။
- 2021-07-05
-
-
-
ကချင်ပြည်နယ်က ခရစ်ယာန်သင်းအုပ်ဆရာ သုံးဦးဟာ ငြိမ်းချမ်းရေးဆုတောင်းပွဲလုပ်လို့ ထောင်ဒဏ် သုံးနှစ် ချခံရမယ့်အရေး ရင်ဆိုင်နေရတယ်လို့ နိုင်ငံတကာ ခရစ်ယာန်အဖွဲ့က သတင်းထုတ်ပြန်တဲ့အကြောင်း Premier ခရစ်ယာန်သတင်းမှာ မနေ့က ဖော်ပြထားပါတယ်။
ကချင်နှစ်ချင်းခရစ်ယာန်အသင်းချုပ် (KBC) က သင်းအုပ်ဆရာ သုံးဦးဟာ ပြည်သူတွေကို ကြောက်ရွံ့အောင် ပြောဆိုပြီး မမှန်သတင်းဖြန့်ဝေမှုနဲ့ ရဝမ်စာပေနဲ့ ယဉ်ကျေးမှုကော်မီတီ (RLCC)က တရားစွဲခဲ့ပြီးတဲ့နောက် ဇွန်လ ၂၈ ရက်နေ့မှာ ဖမ်းဆီးခံခဲ့ရပါတယ်။ ဒေသတွင်း သတင်းတွေမှာတော့ RLCCဟာ စစ်တပ်နောက်ခံ အဖွဲ့အစည်းဖြစ်တယ်လို့ ဖော်ပြပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကချင်ပြည်နယ်ထဲက ခရစ်ယာန်ဘုရားကျောင်းတွေဟာ စစ်ကောင်စီ တပ်တွေရဲ့ စီးနင်းဝင်ရောက် တိုက်ခိုက်တာကို ခံခဲ့ရပါတယ်။ ဖမ်းဆီးခံရတဲ့ သင်းအုပ်ဆရာတွေဟာ အသက် ၆ဝ ကျော်တွေဖြစ်ပြီး ကျန်းမာရေးမကောင်းတာကြောင့် သူတို့အတွက် ဆုတောင်းပေးကြဖို့ ကချင်နှစ်ခြင်း ခရစ်ယာန်အသင်းချုပ်နဲ့ ရဝမ် စာပေနဲ့ယဉ်ကျေးမှု ကော်မတီ နှစ်ဖက်စလုံးက သူတို့ရဲ့ လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ တိုက်တွန်းခဲ့ပါတယ်။ KBC ကတော့ အဲဒီသင်းအုပ်ဆရာတွေဟာ ဆုတောင်းပွဲ ပြုလုပ်ခဲ့တာကလွဲပြီး ဘာအမှားမှ လုပ်မထားတဲ့အတွက် သူတို့ကို ချက်ချင်းလွှတ်ပေးဖို့ပါ တောင်းဆိုခဲ့ ပါတယ်။
သူတို့ကို ထောင်ဒဏ်ချမှတ်မယ်ဆိုရင်တော့ ဒါဟာလက်မခံနိုင်စရာ ကိစ္စပါပဲ။ သူတို့ကို လွှတ်ကို လွှတ်ပေး ရမှာပါ။ တစ်ဆင့်စကားတွေနဲ့ ဘာသက်သေ အထောက်အထားမှမရှိဘဲသာ ထောင်ချရမယ်ဆိုရင် တစ်နိုင်ငံလုံး ထောင်ကျလို့ ထားစရာထောင်တောင် လောက်မှာ မဟုတ်ပါဘူးလို့ KBC ဥက္ကဋ္ဌ ဒေါက်တာ ခလမ်ဆန်ဆွမ်က ဧရာဝတီသတင်းဌာနကို ပြောကြားတာကို ကိုးကားပြီး ခရစ်ယာန်သတင်းမှာ ဖော်ပြ ပါတယ်။ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းလိုက်ကတည်းက KBC အပါအဝင် ခရစ်ယာန်အသင်းတွေ အားလုံးဟာ ဆုတောင်းပွဲတွေ ကျင်းပပြီး အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေမှာ ပူးပေါင်းပါဝင် ခဲ့ပါတယ်။