ခါမ်းပါတ်မြို့ကို ဒေသကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေ သိမ်းလိုက်ကြောင်း ဒေသခံတွေ ပြော
တမူးမြို့နယ် ခါမ်းပါတ်မြို့ကို ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)၊ တမူး PDF၊ CDF (တွန်းဇံ) နဲ့ ဒေသကာကွယ်ရေး ပူးပေါင်းတပ်တွေ သိမ်းပိုက်ခဲ့ပါတယ်။
-
RFA Burmese
2023-11-07 -
-
-
အိန္ဒိယ - မြန်မာနယ်စပ် စစ်ကိုင်းတိုင်း၊ တမူးမြို့နယ် ခါမ်းပါတ်မြို့ကို ကချင် လွတ်မြောက်ရေး တပ်မတော် (KIA)၊ တမူး PDF၊ CDF (တွန်းဇံ) နဲ့ ဒေသကာကွယ်ရေး ပူးပေါင်းတပ်တွေ နိုဝင်ဘာ ၇ ရက်ဒီနေ့မနက်မှာ သိမ်းပိုက်ခဲ့တယ်လို့ ကာကွယ်ရေး အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။
ခါမ်းပါတ်မြို့ အမှတ် (၁) ရပ်ကွက်နဲ့ အမှတ် (၂) ရပ်ကွက်က ဒေသခံ သုံးထောင်ကျော်ကတော့ တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာ တောတောင်တွေထဲ ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
လွန်ခဲ့တဲ့ သုံးရက်လောက်ကတည်းက ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်နေတာဖြစ်ပြီး ဒီနေ့မနက်မှာ အပြီးသတ်သိမ်းလိုက်တာလို့ တမူးဒေသကာကွယ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူက RFA ကို အတည်ပြုပါတယ်။
“ရဲစခန်းနဲ့ ဆေးရုံမှာထိုင်နေတဲ့ ပျူစောထီးစခန်းကို အရင်ရက်တွေက သိမ်းထားပြီးသား။ အဲဒီဆေးရုံရဲ့ မျက်နှာချင်းဆိုင်မှာရှိတဲ့ လမ်းဘေးကုန်းပေါ်မှာ တပ်စခန်းပေ့ါ၊ ဟိုအရင်ကတည်းက အမာခံဆောက်ထားတဲ့ စခန်းပေါ့။ အဲဒါကို ကျွန်တော်တို့ ရဲဘော်တွေက လွန်ခဲ့တဲ့ သုံရက်ကတည်းက ဝင်စီးပြီးဝင်တိုက်တာ၊ ဒီနေ့မှ အပြီးသတ် သိမ်းလိုက်နိုင်တာပါဗျ”
ခါမ်းပါတ်မြို့ အမှတ် (၁) ရပ်ကွက်မှာရှိတဲ့ စစ်ကောင်စီရဲ့ ရဲစခန်းနဲ့ ဝိတုတ်တပ်စခန်း နှစ်ခုကိုတော့ နိုဝင်ဘာလ ၃ ရက် မနက်အစောပိုင်းမှာကတည်းက ဒေသကာကွယ်ရေး ပူးပေါင်းတပ်တွေ သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။
ဒေသခံတွေ ပြောဆိုမှုနဲ့ ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
တိုက်ပွဲအတွင်း နှစ်ဖက်စလုံးရဲ့ ထိခိုက်သေဆုံးမှုအခြေနေကိုတော့ ကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေက မထုတ်ပြန်သလို စစ်ကောင်စီဘက်ကလည်း ထုတ်ပြန်တာမရှိပါဘူး။
ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။
နိုဝင်ဘာ ၆ ရက်နေ့ကလည်း စစ်ကိုင်းတိုင်းက ခရိုင်မြို့တစ်ခုဖြစ်တဲ့ ကောလင်းမြို့ကို KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။