ခန္တီးမြို့ပေါ် အိမ်ခြေ ၆၀၀ ကျော် ရေနစ်မြုပ်

ချင်းတွင်းမြစ်ရေဟာ စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ်နဲ့ ဟုမ္မလင်းမြို့နယ်တို့အတွက် သတ်မှတ်ထားတဲ့ စိုးရိမ်ရေမှတ်ထက် ကျော်လွန်နေ တာကြောင့် ခန္တီးမြို့ပေါ်ရပ်ကွက် ၂ခုက အိမ်ခြေ ၆၀၀ ကျော် ရေနစ်မြုပ်နေတယ်လို့ သိရပါတယ်။

မြစ်ရေတက်နေတဲ့အတွက် ရေနစ်မြုပ်နေတဲ့ အိမ်တချို့ကိုတွေ့ရစဉ်

ချင်းတွင်းမြစ်ရေဟာ စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ်နဲ့ ဟုမ္မလင်းမြို့နယ်တို့အတွက် သတ်မှတ်ထားတဲ့ စိုးရိမ်ရေမှတ်ထက် ကျော်လွန်နေတာကြောင့် ခန္တီးမြို့ပေါ်ရပ်ကွက် ၂ခုက အိမ်ခြေ ၆၀၀ ကျော် ရေနစ်မြုပ်နေတယ်လို့ သိရပါတယ်။ ချင်းတွင်းမြစ်ရေက ခန္တီးမြို့နယ် စိုးရိမ်ရေမှတ်ထက် ၅ပေနီးပါး ကျော်နေပြီဖြစ်တာကြောင့် မြို့ပေါ် ရပ်ကွက် ၂ခုမှာ အားလုံးနီးပါး ရေလွှမ်းနေတယ်လို့ ခန္တီးမြို့နယ် မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ဦးစီးမှူး ဦးချစ်ထွေးထွန်းက ပြောပါတယ်။

"ဒီနေ့ ၁၂ နာရီခွဲမှာ တိုင်းတာချက်အရ ၁၅၄၅ စင်တီမီတာပေါ့ စိုးရိမ်ချိန်အမှတ်ထက် ၁၈၅ စင်တီမီတာပေါ့၊ ပေနဲ့ ဆိုရင် ၅ ပေခွဲကျော်နေပြီ၊ ရေက တစ်နာရီကို ၂ စင်တီမီတာနှုန်းလောက်တက်နေတာ၊ လက်ရှိအချိန်မှာ မြို့ထဲ ကို ရေကျော်ပြီးတော့ ဝင်တဲ့အခြေအနေဆိုတော့ မြေနိမ့်ပိုင်းမှာရှိတဲ့ နှစ်ရပ်ကွက်ရဲ့ ၇၅ ရာခိုင်နှုန်းက ရေလွှမ်းနေ တဲ့ အနေအထားဖြစ်တယ်"

ခန္တီးမြို့ပေါ်မှာ စက်လှေတွေနဲ့ သွားလာပြီး ပစ္စည်းတွေကို ရွှေ့ပြောင်းနေရတယ်လို့ မြို့ခံ ကိုအောင်ဆန်းမြင့် က ပြောပါတယ်။

"ချင်းတွင်းမြစ်ရေက မနေ့ည ၉ နာရီမှာ စတင်ဝင်ရောက်တာ ဘယ်လိုမှထိန်းမနိုင်တဲ့အဆုံး အကုန်လုံးဝင်တာပဲ၊ အနိမ့်ပိုင်းတွေဆို လူတစ်ရပ်ကျော်မြုပ်တာပဲ၊ အမြင့်ပိုင်းတွေဆို ဒူးခေါင်းလောက်ရောက်နေပြီဗျ၊ စက်လှေနဲ့ သွားနေရတယ်"

ရေလွှမ်းခံရတဲ့ အိမ်တွေက မိသားစုဝင်တွေကို ကုန်းမြင့်တဲ့နေရာတွေဖြစ်တဲ့ မြသိန်းတန်ဘုရားကုန်း၊ ဆေးရုံကုန်းနဲ့ တပ်ရင်း ၅၂ ထဲမှာ နေရာရွှေ့ပြောင်းထားတယ်လို့ သိရပါတယ်။ ချင်းတွင်းမြစ်ကမ်းတလျှောက်မှာရှိတဲ့ ကျေးရွာ ၁၀၀ လောက်ဟာ ပြီးခဲ့တဲ့နှစ်ရက်က ရေနစ်မြုပ်နေတာဖြစ်ပါတယ်။ အခုချိန်ထိ မိုးရွာနေဆဲဖြစ်တဲ့အတွက် ချင်းတွင်းမြစ်ရေဟာ ခန္တီး၊ ဟုမ္မလင်းနဲ့ မော်လိုက်မြို့နယ်တွေအတွက် စိုးရိမ်ရတယ်လို့ သိရပါတယ်။

ဒီအကြောင်း RFA အဖွဲ့သူ မခက်မာ တင်ပြထားတာ နားဆင်နိုင်ပါတယ်။

တဆက်တည်း ခန္တီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးမင်းစိုးကို RFA သတင်းထောက် မဝေယံမိုးမြင့် ဆက်သွယ်မေးမြန်းထားတာကိုလည်း နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org