မြို့နယ် ၁၄ ခု ရေဘေး သတိပေး

ချင်းတွင်းမြစ်ရေမြင့်တက်တာကြောင့် စစ်ကိုင်းတိုင်း ခန္တီးမြို့မှာ တစ်မြို့လုံး ရေဖုံး လွှမ်းနေပြီး ရေဘေး ဒုက္ခသည် တစ်ထောင် နီးပါးကို ဘုန်းကြီးကျောင်းတွေ မှာ ပြောင်းရွှေ့ပေးထားပြီး တပ်မတော်နဲ့ မီးသတ်အဖွဲ့တွေ ကပါ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးနေရ ပါတယ်။

စစ်ကိုင်းတိုင်း ခန္တီးမြို့မှာ တစ်မြို့လုံး ရေဖုံးလွှမ်းနေတာကြောင့် တပ်မတော်နဲ့ မီးသတ်အဖွဲ့ဝင်တွေ ဇူလိုင်လ ၂၇ ရက်နေ့က ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေစဉ် Photo: ခန္တီးစစ်ဗျုဟာမှူးဦးစီး/ Facebook

ချင်းတွင်းမြစ်ရေ မြင့်တက်တာကြောင့် စစ်ကိုင်းတိုင်း ခန္တီးမြို့မှာ တစ်မြို့လုံး ရေဖုံးလွှမ်းနေပြီး ရေဘေး ဒုက္ခသည် တစ်ထောင်နီးပါးကို ဘုန်းကြီးကျောင်းတွေ မှာ ပြောင်းရွှေ့ပေးထားပြီး တပ်မတော်နဲ့ မီးသတ် အဖွဲ့တွေကပါ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးနေရပါတယ်။

ခန္တီးမှာ တပ်မတော်သားအင်အား ၃၀၀ နီးပါးနဲ့ မီးသတ်တပ်ဖွဲ့တွေက မြစ်ရိုးတလျှောက် တာတွေဖို့တာ၊ ရေဘေး ဒုက္ခသည်တွေအတွက် ကူညီကယ် ဆယ်ရေးတွေ ဆောင်ရွက်ပေးနေတယ်လို့ ခန္တီး စစ်ဗျုဟာမှူး(ဦးစီး) ဗိုလ်မှူးကြီး မင်းမင်းစိုး က ပြောပါတယ်။

"ရေမဝင်ခင်ကတည်းက တာဖို့တာကို တပ်ရင်း ၃ ရင်းက ဆောင်ရွက်ပေးနေပါတယ်၊ တခြားလွှတ်တော် ကိုယ်စားလှယ်တို့ ခရိုင်အုပ်ချုပ်ရေးမှူးတို့တွေလည်း ပါပါတယ်၊ ရေဘေးရှောင်ပြည်သူတွေ ဘုန်းကြီးကျောင်းထဲ မှာနေပါတယ်၊ ခုလက်ရှိကတော့ တပ်မတော်အနေနဲ့ အဲ့အဖွဲ့တွေကို မနေ့ကနဲ့ ဒီနေ့ ထမင်းထုပ်လိုက်ဝေ ပါတယ်"

ချင်းတွင်းမြစ်ရေဟာ ခန္တီးမြို့မှာ စိုးရိမ်ရေမှတ်အောက်နားမှာ ရှိနေဆဲဖြစ်ပြီး ဟုမ္မလင်း၊ ဖောင်းပြင်၊ မော်လိုက်၊ ကလေးဝ၊ မင်းကင်း၊ ကနီနဲ့ မုံရွာမြို့တွေမှာ စိုးရိမ်ရေမှတ်ကို ရောက်ရှိနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

ဧရာဝတီနဲ့ ချင်းတွင်းမြစ်ရေ မြင့်တက်တာကြောင့် မြစ်ကြီးနား၊ ဗန်းမော်၊ ဟင်္သာတ၊ ခန္တီး၊ ကလေးဝ၊ မော်လိုက် စတဲ့ မြို့နယ်ပေါင်း ၁၄ မြို့နယ်မှာ သတိထားနေထိုင်ကြဖို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြား မှုဦးစီးဌာနက ကြေညာထား ပါတယ်။

ကချင်ပြည်နယ် ဗန်းမော်မြို့က ရပ်ကွက်သုံးခုမှာ မြစ်ရေဝင်ရောက်တာကြောင့် လူဦးရေ ငါးရာလောက် နီးစပ်ရာ ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေရတယ်လို့ ဗန်းမော်ခရိုင် ကယ်ဆယ်ရေးနဲ့ပြန်လည် နေရာချထားရေးဦးစီးမှူး ဦးဋ္ဌေးမြင့် က ပြောပါတယ်။

"ရပ်ကွက်တွေ တော်တော်များများ ရေဝင်တာပေါ့နော်၊ သူတို့ကို နီးစပ်ရာဘုန်းကြီးကျောင်းကို ပြောင်းရွှေ့ ထားတယ်"

ဒီကနေ့ နေ့လည်ပိုင်းအထိ ဧရာဝတီမြစ်ရေဟာ ရွှေကူမြို့နဲ့ ဗန်းမော်မြို့ရဲ့ စိုးရိမ်ရေမှတ် ကိုကျော်လွန်ရောက် ရှိနေပါတယ်။ မြစ်ရေတက်လာတဲ့အတွက် ဗန်းမော် နဲ့ ရွှေကူက စိုက်ပျိုးသီးနှံတွေ ပျက်စီးဆုံးရှုံးနေတယ် လို့ ဒေသခံတွေက ပြောပါတယ်။

ဧရာဝတီမြစ်ကြောင်းတလျှောက် မြစ်ချောင်းကမ်းပါးတွေအနီးမှာ နေထိုင်ကြသူတွေအနေနဲ့ ရေကြောင်းခရီးတွေမှာ သတိထားသွားလာကြဖို့ နဲ့ ရေဒီယိုသတင်းတွေ နားထောင်ကြဖို့ မိုးလေဝသနဲ့ ဇလဗေဒဌာနက အသိပေးထား ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org