ခရမ်းတစ်မြို့နယ်လုံးကို မော်တော်ဆိုင်ကယ်စီးခွင့် စစ်ကောင်စီပိတ်
ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၇ ရက်နေ့ကတည်းက ခရမ်းမြို့ပေါ်မှာ မော်တော်ဆိုင်ကယ်စီးခွင့် ပိတ်ထားခဲ့ရာက အခု တစ်မြို့နယ်လုံးကို ပိတ်မှာဖြစ်ပါတယ်။
- 2022-11-20
-
-
-
ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ် တစ်မြို့နယ်လုံးကို နိုဝင်ဘာလ ၂၆ ရက်နေ့ကစပြီး မော်တော်ဆိုင်ကယ်စီးခွင့် ပိတ်သိမ်းမယ်လို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကတစ်ဆင့် စစ်ကောင်စီရဲ့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က နိုဝင်ဘာလ ၁၉ ရက်မနေ့က စကြေညာထား တယ်လို့ ခရမ်းမြို့ခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၇ ရက်နေ့ကတည်းက ခရမ်းမြို့ပေါ်မှာ မော်တော်ဆိုင်ကယ် စီးခွင့် ပိတ်ထားခဲ့ရာက အခု တစ်မြို့နယ်လုံးကို ပိတ်မှာဖြစ်ပါတယ်။
ခရမ်းမြို့နယ်မှာရှိတဲ့ ကျေးရွာအုပ်စု ၅၃ ခုစလုံးကို ပိတ်လိုက်တာကြောင့် ဒေသခံတွေ အတွက် သွားလာရေး အခက်အခဲဖြစ်နိုင်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ခရမ်း ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“မနေ့ညတုန်းက ရပ်ကွက်ထဲ လိုက်ကြေညာတယ်။ ဆိုင်ကယ်စီးခွင့်ပိတ်တော့ သွားလာ ရတာ အခက်အခဲ ဖြစ်တာပေါ့။ မြို့ပေါ်လာလို့မရဘူး။ သုံးဘီးဆိုင်ကယ်ဆိုတော့ အရင် က ဆိုင်ကယ်နဲ့ ငါးထောင်လောက်ကုန်ရင် အခု ခုနစ်ထောင်လောက် ကုန်တာပေါ့။ ရွာဘက်တွေတော့ နားလည်မှုနဲ့ စီးကြတယ်”
ခရမ်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ကျေးရွာအုပ်ချုပ်ရေးမှူးတွေဆီ ညွှန်ကြားချက်ထဲမှာတော့ ခရမ်းမြို့နယ်ထဲမှာ မော်တော်ဆိုင်ကယ်အသုံးပြီး သတ်ဖြတ်မှု (၂၅) ကြိမ်လုပ်ခဲ့တာကြောင့် သေဆုံးသူ (၂၁) ဦးရှိလာလို့ အခုလိုပိတ်တာလို့ ဖော်ပြထားပါတယ်။
ဒါပေမဲ့ ဘေးတွဲဆိုင်ကယ်၊ ဘက်ထရီစက်ဘီးနဲ့ တခြားအနှေးယာဉ်တွေကိုတော့ စီးနင်းခွင့် ပြုမှာဖြစ်ပြီး အခုလ ၂၆ ရက်နေ့စလို့ မော်တော်ဆိုင်ကယ်စီးတာတွေ့ရင် စစ်ကောင်စီ တပ်ဖွဲ့နဲ့ ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးတာခံရမှာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၈ ရက်နေ့ မနက်ပိုင်းက ခရမ်းမြို့နယ်၊ ရိုးကြီးရွာအုပ်ချုပ်ရေးမှူး ဦးသန်းဌေးကို အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ခုက သေနတ်နဲ့ပစ်ခတ်ခဲ့တာကြောင့် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီဟာ ရန်ကုန်တိုင်းအတွင်းက အင်းစိန်၊ ကွမ်းခြံကုန်း၊ သန်လျင်၊ ကော့မှူးနဲ့ ဒလမြို့နယ်တွေကို မော်တော်ဆိုင်ကယ်စီးခွင့် ပိတ်ပင်ထားပါတယ်။